ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၃ ဦးသေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ဒီးမော့ဆို PDF ဗျူဟာ (၁) A၊B၊F၊J တပ်ရင်းတွေမှာရှိတဲ့ တပ်ခွဲအချို့နဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းမှာရှိတဲ့ တပ်ခွဲချို့တို့က KRU တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအပြီးမှာ အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ည ၉ နာရီလောက်မှာ ပြည်သူတွေရဲ့ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဇုံနေရာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တဲ့ ဒေါ်ရောဇာ (ခ) မူသူး အသက် (၇၃) အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ဧပြီလ ၃ဝ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နယ်မြေရှင်းလင်းစဉ်မှာ စစ်အုပ်စုရဲ့ စစ်ဝတ်စုံနဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒီးမော့ဆို PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။