အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်ဟာ မေလနှောင်းပိုင်းမှာ ဂျပန်နဲ့ တောင်ကိုရီးယားကို သွားရောက်မှာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း Quad လုံခြုံရေးမဟာမိတ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒမ်ရဲ့ အာရှခရီးစဉ်ဟာ မေလ ၂၀ရက်နေ့ကနေ ၂၄ရက်နေ့အထိ ဖြစ်ပြီး အစိုးရတွေ ၊ စီးပွားရေးနဲ့ ပြည်သူတွေအကြား အပြန်အလှန်မိတ်ဖက် ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ရည်ရွယ်ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတဟာ တောင်ကိုရီးယားရဲ့ ရွေးကောက်ခံသမ္မတသစ် Yoon Suk-yeol ၊ ဂျပန်ဝန်ကြီးချုပ် Kishida Fumio တို့နဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာပါ။
ဒီအာရှခရီးစဉ်ဟာ ဘိုင်ဒမ်ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် လွပ်လပ်ပွင့်လင်းပြီး ခိုင်မာတဲ့ ကတိကဝတ်တွေကို မြင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
Quad အဖွဲ့ဝင်တွေဖြစ်တဲ့ ဩစတြေး ၊ ဂျပန် ၊ အိန္ဒိယ ၊ အမေရိကန်က ခေါင်းဆောင်တွေဟာလည်း တိုကျိုမြို့မှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
Quadrilateral Security Dialogue လို့ သိကြတဲ့ အဲဒီလေးနိုင်ငံအဖွဲ့ဟာ အိန္ဒိယသမုဒ္ဒရာမှာ ငလျင်နဲ့ ဆူနာမီလှုပ်ခတ်ခဲ့တဲ့ ၂၀၀၄ခုနှစ်မှာ စတင်ပေါ်ပေါက်လာတာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။