လေးကေ့ကော်ဒေသအတွင်း ဒီနေ့နေ့ခင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား အနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၁ နာရီလောက်မှာ လေးကေ့ကော်ထဲက ကော်ဘရာစစ်ကြောင်းရှိရာဘက်ကို အကြမ်းဖက်စစ်တပ်က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်းရဲ့ အမြောက်စစ်သည်နဲ့ စနိုက်ပါစစ်သည်တို့က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
‘ကျွန်တော်တို့ဘက်က တုံ့ပြန်ပစ်ခတ်တဲ့အခါ သူတို့ဘက်က စက်လတ်ထားတဲ့နေရာနဲ့ စနိုက်ပါနေရာတွေပေါ့လေ။ ဒါကို တိုက်ရိုက်ထိမှန်ပြီးတော့ သူတို့ဘက်က အနည်းဆုံး ၅ ဦး ထိခိုက်ကျဆုံးတယ်လို့ ကျွန်တော်တို့ရဲ့ မျက်မြင်ရှေ့တန်းရဲဘော်တွေက အတည်ပြုပေးပါတယ်’ လို့ သူကပြောပါတယ်။
ဒီနေ့ညနေပိုင်းအထိ လေးကေ့ကော်ဒေသမှာ လက်နက်ငယ်တိုက်ပွဲအနည်းငယ်သာရှိပြီး ထိတွေ့တိုက်ပွဲမရှိဘူးလို့ ဆိုပါတယ်။
ဒီနေ့မနက် ၁၂ နာရီ ၂ မိနစ်ကနေ ၁၂ နာရီ ၁၁ မိနစ်အထိ တိုက်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တစ်စီး လေးကေ့ကော်ဘက် ဝဲပျံလာသလို ဒီနေ့မနက် ၆ နာရီခွဲနဲ့ ၆ နာရီ ၄၅ မိနစ်အတွင်း ကင်းထောက်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တစ်စီး ၇ ကြိမ်ထက်မနည်း ဝဲပျံလာတယ်လို့ Cobra Column က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၈ ရက်နေ့ ည ၁၁ နာရီလောက်ကလည်း လေးကေ့ကော်၊ အမြောက်ကုန်းနဲ့ မေတ္တာလေးမြိုင်နဲ့ မယ့်ထော်သလေးကြား ကြက်ကင်ကုန်းကနေ အကြမ်းဖက်စစ်တပ်က အမြောက်နဲ့ လှမ်းပစ်ခတ်ပေမယ့် ကော်ဘရာစစ်ကြောင်းဘက် ထိခိုက်ကျဆုံးမှု မရှိဘူးလို့ သိရပါတယ်။