လစ်ဗျားလွှတ်တော်က ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ဖို့ရှိ

အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို လစ်ဗျားလွှတ်တော်က ရွေးချယ်ခန့်အပ်မယ်လို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလ်ဟာမစ် ဒဘီဘာ နေရာမှာ အစားထိုးခန့်အပ်ဖို့ နာမည်စာရင်း တင်သွင်းထားသူ နှစ်ဦးထဲမှာ ပြည်ထဲရေး ဝန်ကြီးဟောင်း ဖာသီ ဘာရှာဂါနဲ့ အတိုင်ပင်ခံဝန်ကြီး ခါလစ် အယ်လ် ဘိုင်ဘာတို့ ပါဝင်ပြီး လွှတ်တော်အစည်းအဝေးကို နိုင်ငံအရှေ့ပိုင်း တိုဘာ့က်မြို့တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြို့တော် ထရီပိုလီမှာ အခြေစိုက်တဲ့ အတိုင်ပင်ခံအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်ကောင်စီနဲ့ ဆွေးနွေးပြီးနောက်မှာ ဒီလို ဝန်ကြီးချုပ်သစ် အစားထိုးခန့်အပ်ဖို့ မဲခွဲရမှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ အဂွီလာ ဆာလားက ပြောပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကနဦးက စီစဉ်ထားခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို အငြင်းပွားမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားခဲထားတဲ့ ဝန်ကြီးချုပ်ဟောင်း ဒဘီဘာအတွက် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
လွှတ်တော်ဥက္ကဋ္ဌက ဒဘီဘာအတွက် သက်တမ်းကုန်ဆုံးပြီလို့ ပြောဆိုခဲ့ပေမယ့် နောက်ထပ် ရွေးကောက်ပွဲ မလုပ်မချင်း အစိုးရအဖြစ် ဆက်ရပ်တည်မယ်လို့ ဒဘီဘာက ငြင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရွေးကောက်ပွဲ မလုပ်နိုင်သေးခင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ပေးဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒဘီဘာကို ခန့်အပ်ခဲ့တာပါ။
၂၀၁၁ ခုနှစ်မှာ သက်တမ်းရှည်အာဏာရှင် မိုမာကဒါဖီကို ဖြုတ်ချခဲ့တဲ့နောက်ပိုင်း လစ်ဗျာနိုင်ငံတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ နိုင်ငံရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ စစ်သွေးကြွတွေကို ထောက်ခံသူတွေနဲ့ ပြည်ပအစိုးရတွေကို အားပေးသူတွေအဖြစ် အုပ်စုကွဲသွားခဲ့ပြီး လက်ရှိမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကိစ္စ ငြင်းခုံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။