၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။
အိန္ဒိယနိုင်ငံကို ရုရှားသမ္မတ ပူတင် လာရောက်ခဲ့ပြီးနောက် ရုရှား-အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီမှုတွေအဖြစ် ကုန်သွယ်ရေးနဲ့ လက်နက်ဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က ရုရှားသမ္မတ ပူတင်ရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ပြီး ခေါင်းဆောင်တွေဖြစ်တဲ့ ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတာပါ။
အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံကနေ အဓိက လက်နက်ဝယ်ယူမှုတွေ အများဆုံး ပြုလုပ်နေတဲ့ နိုင်ငံဖြစ်ပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေခဲ့တာကြောင့် အစောပိုင်းနှစ်တွေမှာ ရုရှား-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အေးခဲသယောင် ရှိခဲ့ပါတယ်။
ဒါပေမဲ့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံအပြီးမှာတော့ စစ်ရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ၂၀၃၁ ခုနှစ်အထိ၊ ၂၀၂၅ ခုနှစ်မှာတော့ ကုန်သွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ မြှင့်တင်သွားမယ့် သဘောတူညီချက် စတာတွေပါဝင်ခဲ့ပါတယ်။
S-400 ဒုံးကျည်ကာကွယ်ရေး စနစ်တွေကိုတော့ အခုလကတည်းက ရုရှားနိုင်ငံက ထောက်ပံ့နေခဲ့ပြီဖြစ်သလို ဆက်လက်ပြီးလည်း ဒုံးကျည်ကာကွယ်ရေးစနစ်နည်းပညာတွေအပြင် AK-203 ချေမှုန်းရေးရိုင်ဖယ် ၆ သိန်းကျော် ဝယ်ယူရေးအစီအစဉ်တွေအတွက်ပါ သဘောတူညီနိုင်ခဲ့ကြတာပါ။