မင်းတပ်မြို့ရောက် နေရပ်စွန့်ခွာ၇၀၀နီးပါးအတွက် UNHCR ကယ်ဆယ်ရေးပစ္စည်းပေးပို့နိုင်ခဲ့

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

UNHCR ဟာ ချင်းပြည်နယ် ၊မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ နီးပါးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုပေးပို့နိုင်တာဟာ UNHCR ရဲ့ ဒုတိယမြောက်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်ခဲ့ခြင်းဖြစ်တယ်လို့ယမန်နေ့ထုတ်ပြန်ချက်ထဲ ဖော်ပြပါတယ်။

နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၆၈၀ ကျော်ဟာ မင်းတပ်မြို့က နေရာအချို့မှာ ခိုလှုံနေကြသူများဖြစ်ပြီး သူတို့အတွက် နေအိမ်အမိုးအကာဆိုင်ရာပစ္စည်းစုံ၊ နေရောင်ခြည်သုံးမီးအိမ်၊ သာမိုမီတာ၊ လက်ဆေးရည်၊ ဆပ်ပြာ၊ နှာခေါင်းစည်း၊ စောင်၊ ဖျာ၊ ရေပုံးနဲ့ အမှိုက်ပုံးတို့လို အဓိကလိုအပ်တဲ့ အရေးပေါ်ပစ္စည်းတွေကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

UNHCR ဟာ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံရှိ အခြားနေရာ အသီးသီးတို့က အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေ ထံကယ်ဆယ်ရေးပစ္စည်းတွေရောက်ရှိနိုင်ဖို့အတွက် သင့်လျော်ရာ နည်းလမ်းပေါင်းစုံကိုရှာဖွေကာ လက်တွေ့ကွင်းဆင်းလုပ်ဆောင်နေတဲ့မိတ်ဖက်အဖွဲ့တွေနဲ့အတူတကွ ဆက်လက်ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။