ပုသိမ်မြို့နဲ့ မအူပင်မြို့မှာ ညမထွက်ရအမိန့် ၂လထပ်တိုး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ပုသိမ်မြို့နယ်နဲ့ မအူပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ည ၁၀နာရီကနေ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့်ကို အချိန် ၂လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ခုလိုထုတ်ပြန်တဲ့အပေါ် ပုသိမ်မြို့ခံတစ်ဦးက “ဒါကတော့ စစ်တပ်အုပ်ချုပ်နေတော့ ပြည်သူကိုသူတို့ကလန့်ပြီး ခုလိုလုပ်နေတာ ခုကပုသိမ်မြို့နယ်ထဲမှာ ပြောက်ကျားတွေရဲ့ ဒလန်ရှင်းတာတွေနဲ့ ဗုံးနဲ့တိုက်ခိုက်တာ ပိုများလာတာကြောင့်ဖြစ်မယ်”လို့ပြောပါတယ်။

စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာ လူအချို့ဟာ အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။

 ပုသိမ်မြို့ရဲ့နေရာတချို့မှာညတိုင်းအရက်သောက်ထားတဲ့ရဲနဲ့စစ်သားတွေစစ်ဆေးရေးပြုလုပ်တာတွေ၊ မသင်္ကာသူဆိုပြီးရ ိုက်နှက်စစ်ဆေးတာတွေ ရှိတတ်တာကြောင့် ညဘက်မထွက်တာ ကြာပြီလို့ ပုသိမ်မြို့က လူငယ်တစ်ဦးကပြောပါတယ်။

မအူပင်မြို့မှာလည်း အကြမ်းဖက်စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူတွေကို မရှိရှိတဲ့အပြစ်ရှာကြံကာ ပိုက်ဆံတောင်းတာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာမို့ နေ့ခင်းအချိန်တွေမှာတောင် သွားလာသူနည်းပါးတယ်လို့ သိရပါတယ်။

စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်တဲ့ ညမထွက်ရအမိန့်ဟာ အောက်တိုဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ဖြစ်ပါတယ်။