ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပြီလို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှားပြော

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ကိုဗစ်ကာလမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် အားတက်သရော ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှားက ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပြီလို့ အသိပေးပြောကြားလိုက်ပါတယ်။

အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မကြာသေးမီ ကာလတွေက ပရဟိတသူရဲကောင်းတစ်ယောက်အဖြစ်နဲ့ မီဒီယာတွေအထက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။

မန်ချက်စတာ တက္ကသိုလ်ကပေးတဲ့ ဒေါက်တာဘွဲ့ကိုတောင် လက်ခံရတဲ့အထိ ဘောလုံးကွင်းပြင်ပ လှုပ်ရှားမှုတွေက ပေါ်လွင်ခဲ့တာပါ။

မန်ယူနည်းပြဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ဆောင်မှုတွေအတွက် ချီးမွမ်းပြောဆိုတာတွေ ရှိခဲ့ပေမယ့် အခုအခါမှာတော့ ကစားသမားကို ဘောလုံးအတွက် ပြန်လည် အာရုံစိုက်ဖို့ အသိပေးခဲ့တာပဲဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားက “ရက်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပါပြီ။ ကွင်းပြင်ပက သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် နည်းပြဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်နဲ့ မန်ယူအသင်းအတွက် စိန်ခေါ်မှုတွေ ရှိနေသေးလို့ လုပ်ဆောင်ရမယ့် အရာလည်း များပြားနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ပုခုံးဒဏ်ရာ ခွဲစိတ်ကုသမှု ပြုလုပ်ထားတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အတွက်တော့ ပုံမှန်ခြေစွမ်းပြန်ရဖို့ အချိန်ပေးသွားမှာဖြစ်တယ်လို့ လည်း သူကဆိုပါတယ်။