ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်းအတွင်း ပထမဦးဆုံးအနေနဲ့ ခရမ်းမြို့နယ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုဖွဲ့စည်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုအောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ခရမ်းမြို့နယ်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ကကြေညာပါတယ်။

၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ၂၈ရက်နေ့ သပိတ်တိုက်ပွဲကာလက ဖွဲ့စည်းခဲ့တဲ့ ‘ ခရမ်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ” ကို ဖျက်သိမ်းပြီး ‘ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ယာယီ)၊ ခရမ်းမြို့နယ် ‘ ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာပါ။

ဒီအဖွဲ့ထဲမှာ မြို့မိမြို့ဖ အစုအဖွဲ့၊လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအစုအဖွဲ့၊ ဌာနဆိုင်ရာ CDMဝန်ထမ်းများအစုအဖွဲ့၊တက်ကြွလှုပ်ရှားသူများအစုအဖွဲ့နဲ့ တရားရေးနှင့်ကျန်းမာရေး အစုအဖွဲ့တို့ ကိုယ်စားလှယ်တွေနဲ့ အချိုးကျဖွဲ့စည်းလိုက်တာဖြစ်ပြီး ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး တွေကိုလည်း အဆင့်အလိုက် တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

‘ကျွန်တော်နားလည်သလိုပြောရရင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားက ပျက်သွားပါပြီ။ဒါ့ကြောင့် ပြည်သူ့အစိုးရပြန်မလာသေးခင်စပ်ကြား ခရမ်းမြို့နယ်အုပ်ချုပ်ရေးကို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)က တာဝန်ယူလိုက်တာပါ။’ လို့ ခရမ်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအားလုံး အောက်တိုဘာ၁၈ ရက်နောက်ဆုံးထားနုတ်ထွက်ကြဖို့ ရာဇသံပေးပြီးနောက် မနေ့ကစာရင်းအရ ခရမ်းမြို့ပေါ် အုပ်ချုပ် ရေးမှူးအားလုံးအပါအဝင် စုစုပေါင်း၅၆ဦးနုတ်ထွက်ပြီးပါပြီ။

ခရမ်းမြို့နယ်မှာ ကျေးရွာ၅၆ရွာရှိပြီး ၄၃ရွာကအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ပြီးဖြစ်ပါတယ်။