မာရင်းအပူပိုင်းမုန်တိုင်းဝင်ပြီးနောက် ဖိလစ်ပိုင်မှာ လူ ၉ဦးသေပြီး ၁၁ ဦး ပျောက်ဆုံး 

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ဖိလစ်ပိုင်နိုင်ငံ၊ လူဇွန်ကျွန်းမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသကို အပူပိုင်းမုန်တိုင်း မာရင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နိုင်ငံတဝှမ်းမိုးသည်းထန်စွာရွာသွန်းလို့ လူသေဆုံးမှုနဲ့ လူပျောက်ဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ လက်ရှိမှာ လူ ၉ ဦးသေဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေတယ်လို့ အသိပေးထားပါတယ်။ သေဆုံးသူတွေထဲမှာတော့ ကလေး ၃ ဦးပါဝင်နေတယ်လို့ ဒီကနေ့မနက်မှာ ထုတ်ပြန်ခဲ့တာပါ။

ကယ်ဆယ်ရေးမှာ တွေ့ရှိရတဲ့ အနေအထားတွေအရ အဲ့ဒီကလေးသုံးဦးစလုံးဟာ မိဘတွေနဲ့ ညစာစားနေတဲ့ အခြေအနေမျိုးဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းလို့ မြေပြိုကျရင်း သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ကနဦးဖော်ပြပါတယ်။ ကလေး မိဘတွေကိုတော့ လက်ရှိမှာ ရှာမတွေ့သေးဘူးလို့လည်း ဆိုပါတယ်။

မာရင်းအပူပိုင်းမုန်တိုင်းဝင်ပြီးနောက်မှာ မိုးက ဆက်လက်ကြီးနေတာကြောင့် ကျေးရွာတချို့မှာလည်း မြေပြိုမှုတွေ၊ ရေကြီးမှုတွေ ဖြစ်ပေါ်နေရတာပါ။

လူဇွန်ကျွန်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးကျွန်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလလောက်မှာလည်း တိုင်ဖွန်း မုန်တိုင်း ဗန်ကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ မြေပြို ရေကြီးမှုတွေဖြစ်ပြီး လူပေါင်း ၄၀ ကျော်လောက် သေဆုံးခဲ့တာပါ။