နယူးကာဆယ်ပိုင်ရှင်သစ်တွေ ဝယ်သူသင့်တဲ့ ကစားသမားသုံးဦးကို ဖာဒီနန်ထုတ်ပြော

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။

မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပိုင်ရှင်သစ်တွေ လက်ထက်မှာ ပြောင်းလဲမှုတွေ စတင်တော့မယ့် နယူးကာဆယ်အသင်းအတွက် ဝယ်သူသင့်တဲ့ ကစားသမား သုံးဦးကို အကြံပေးလိုက်ပါတယ်။

ဖာဒီနန်က နယူးကာဆယ်အသင်းအနေနဲ့ အသင်းကို ပုံဖော်ရာမှာ အင်္ဂလိပ်လူငယ်ကစားသမားတွေနဲ့ ပုံဖော်တည်ဆောက်သင့်ပြီး ဒီကစားသမားတွေကိုသာ အဓိက ပစ်မှတ်ထားသင့်တယ်လို့ ထုတ်ပြောခဲ့တာပါ။

လက်ရှိမှာ နယူးကာဆယ်အသင်းဟာ ဆော်ဒီပိုင်ရှင်သစ်လက်ထက်မှာ အများစိတ်ဝင်စားတာခံနေရတဲ့ အသင်းတစ်သင်းဖြစ်နေပြီး အသင်းရဲ့ အပြောင်းအလဲကို အားလုံးက စိတ်ဝင်တစားရှိနေကြပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ပိုင်ရှင်သစ်လက်ထက်မှာ အသင်းအနေနဲ့ အင်္ဂလိပ်ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဒီကလန်ရိုက်နဲ့ လင်ဂတ်တို့လို ကစားသမားတွေကို ဝယ်ယူပြီး အသင်းကို ပုံဖော်သင့်တယ်လို့ ဖာဒီနန်က ပြောခဲ့တာပါ။

လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ပြည်ပကစားသမားတွေကို စျေးကြီးကြီးနဲ့ ပေးဝယ်မယ့်အစား အင်္ဂလန်မြေက အင်္ဂလိပ်ကစားသမားတွေကို နယူးကာဆယ်အသင်း အသားပေးဝယ်ယူဖို့ သူက တိုက်တွန်းခဲ့တာပါ။

ဖာဒီနန်က “အမ်ဘာပေကို ခေါ်ယူမယ်ဆိုတာက အိပ်မက်ဆန်နေသေးတယ်။ မန်ယူ၊ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတွေမှာ အရန်တွေအများကြီးပဲ။ ဒီထဲမှာ စုံလင်တဲ့ ကစားဟန်တွေနဲ့ ကစားသမားကောင်းတွေရှိတယ်။ ဒီလိုကစားသမားတွေကို ကြည့်ရမှာပါ”လို့ သူက ပြောခဲ့တာပါ။

ဒါ့အပြင် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတွေကို အဓိက ခေါ်ယူသင့်တယ်လို့လည်း သူက ပြောပါတယ်။