မြောင်းမြ ပညာဇေယျုံကျောင်းတိုက်ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး သံဃာတစ်ပါးကို ဖမ်းဆီး

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မြဂုဏ်ရည်လမ်းမှာရှိတဲ့ ပညာဇေယျံကျောင်းတိုက်ကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး သံဃာတစ်ပါးကို လူဝတ်လဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ စစ်အုပ်စုက အင်အား ၂၀ကျော်နဲ့ ပညာဇေယျံကျောင်းတိုက်ကို ဝင်ရောက်စီးနင်းကာ ဦးဇင်းဘညီလို့ လူသိများတဲ့ ဆရာတော် အရှင် ဘဒ္ဒန္တ မေဓာကို ကျောင်းတိုက်အတွင်းမှာပဲ ချက်ခြင်း လူဝတ်လဲကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆရာက ဘာသာပေါင်းစုံငြိမ်းချမ်းရေး ကိစ္စတွေကို လုပ်ဆောင်နေတဲ့ စာပေကျမ်းဂန်နှံစပ်တဲ့ ကိုယ်တော်ပါ၊ ဆန္ဒပြပွဲတွေတုန်းကတော့ တစ်ခါလိုက်ဖူးတယ်၊ သူ့ဘာသာ ကျောင်းမှာ ဝါတွင်းအေးအေးချမ်းချမ်း သီတင်းသုံးနေတာကို ဘာမှန်းမသိဘူး လာဖမ်းသွားတာ၊ ဆရာတော့် ကွန်ပျူတာတွေရော ပစ္စည်းတွေပါ အကုန်သိမ်းသွားတယ်၊ ဆရာတော်ကို လူဝတ်လဲပြီး လက်ထိပ်ခတ်ခေါ်သွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆရာတော် အရှင် ဘဒ္ဒန္တ မေဓာဟာ သီရိလင်္ကာနိုင်ငံကနေ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော် နှစ်ခုထိ ရရှိခဲ့သူ ဖြစ်ပါတယ်။