ခုခံတော်လှန်စစ်ကြေညာပြီး သုံးပတ်ကျော်အတွင်း တိုက်ပွဲအကြိမ် ၅၀ ကျော်ရှိခဲ့တယ်လို့ ISP ထုတ်ပြန်

၈၊ အောက်တိုဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ ၈ ရက်ကနေ ၃၀ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၅၁ ကြိမ်ထက်မနည်း ရှိလာခဲ့ပြီး ခြောက်လတာအတွင်း အများဆုံး ဖြစ်ခဲ့တယ်လို့Institute for Strategy and Policy -Myanmar ကထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာခုခံတော်လှန်စစ်စတင်ကြောင်း ကြေညာခဲ့ပြီးနောက် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှု ပိုများလာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။

၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၅၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲ ၁,၁၅၄ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်း အကြမ်းဖက် စစ်အုပ်စုနဲ့ KNU တို့အကြား လက်နက်ကိုင် တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း စစ်အုပ်စုနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေသလို  ကယားပြည်နယ် ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်း စစ် ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေ ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ စက်တင်ဘာ ၃၀အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ ၁,၃၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်ကနေ စက်တင်ဘာ အထိ လေးလတာကာလအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်၃၂၁လုံးထက်မနည်းရှိပြီး အများစုမှာ မကွေးတိုင်းကျေးရွာတွေမှာပါ။

တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် ထပ်မံ တိုးလာတယ်လို့လည်း ISP ကထုတ်ပြန်ပါတယ်။