ခွဲတမ်းဆီစာအုပ်နဲ့ တန်းစီတိုးတဲ့ဘဝကို ပြန်သွားနေလား

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒေါ်လာစျေးနဲ့ ရွှေစျေးနှုန်း မြင့်တက်မှုနဲ့အတူ စျေးနှုန်းမြင့်တက်သွားပြီးနောက် ပြန်လည်ကျဆင်းလာခြင်းမရှိသေးတာကတော့ စက်သုံးဆီစျေးနှုန်းပါပဲ။

မတည်ငြိမ်တဲ့ ဒေါ်လာစျေးနှုန်းကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေဟာ ပြည်ပကနေ တိုက်ရိုက်တင်သွင်းရောင်းချသူအချို့ကလွဲပြီးတော့ ဆီဆိုင်အများစုဟာ အရောင်းအဝယ်ရပ်တန့်ခဲ့ပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်အများစုဟာ ပြည်ပကနေတိုက်ရိုက်မှာယူတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကနေတဆင့် ပြန်လည်ဝယ်ယူပြီးနောက်မှာ လက်လီ လက်ကား ရောင်းချကြတာ ကြောင့် ဒီနေ့ရောင်းရငွေမှာ နောက်နေ့အတွက် အရှုံးဖြစ်နေချိန်မှာ လုပ်ငန်းတွေ ရပ်နားလိုက်တာပါ။

ပြည်ပကနေ ကိုယ်တိုင်တင်သွင်းရောင်းချသူ လုပ်ငန်းရှင်အချို့ဟာ မြန်မာနိုင်ငံအနှံ့မှာ အရောင်းဆိုင်ခွဲတွေ ဖွင့်လှစ်ထားနိုင်ခြင်းမရှိတာကြောင့် တဆင့်ပြန်လည်ဝယ်ယူပြီး ရောင်းချပေးတဲ့ ဆိုင်တွေကိုသာ ပြည်သူတွေက အားကိုးနေရတာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ လူသုံးအများဆုံးဖြစ်တဲ့ ဓာတ်ဆီ ၉၂တစ်လီတာကို ရန်ကုန်မြို့တွင်းမှာတောင်မှ ၁၅၀၀ကျပ်ကနေ ၁၇၀၀ကျပ်အထိ စျေးနှုန်းအမျိုးမျိုးသတ်မှတ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချခဲ့ရပါတယ်။

နယ်မြို့ငယ်တွေမှာတော့ အနိမ့်ဆုံး ၁၅၀၀ကျပ်ကနေ ၂၀၀၀ကျပ်ထိ စျေးနှုန်းမြင့်တက်နေခဲ့ပြီး ဖွင့်လှစ်ရောင်းချဆဲဆိုင်တွေမှာလည်း တန်းစီစနစ်နဲ့ ဝယ်ယူနေရတာဟာ မြို့နယ်တိုင်းမှာပဲဖြစ်ပါတယ်။

ဆိုင်ကယ်တွေကို အဓိကထား အသုံးပြုပြီး မြို့တွင်း သွားလာနေမှုများတဲ့ ပြည်သူတွေအတွက်ကတော့ မြို့ပြင်နေရာတွေ အဝေးပြေးလမ်းမတွေမှာ ဖွင့်လှစ်ထားတဲ့ ဆီဆိုင်ကြီးတွေဆီကို သွားနိုင်ခြင်းမရှိဘဲ မြို့တွင်းက လက်ကားသက်သက်ရောင်းချတဲ့ ဆိုင်ငယ်တွေမှာသာ ဝယ်ယူလေ့ရှိပါတယ်။

စစ်အုပ်စုက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း တို့ပူးပေါင်းပြီး ဓာတ်ဆီRon 92 တစ်လီတာကို ရန်ကုန်မြို့မှာ ၁၁၂၂ကျပ် မန္တလေးမှာ၁၁၆၇နဲ့ နေပြည်တော်မှာ ၁၁၆၂ ကျပ်နဲ့ ဆိုင်တွေ သတ်မှတ်ပြီး ခွဲတမ်းကျရောင်းရမယ်လို့ ဆိုပါတယ်။

ရိုးရိုးဒီဇယ်ကိုတော့ တစ်လီတာကို ရန်ကုန် အရောင်း ဆိုင်တွေမှာ ၁၁၁၇ ကျပ် မန္တလေး အရောင်း ဆိုင်တွေမှာ၁၁၅၂ကျပ်နဲ့ နေပြည်တော် အရောင်း ဆိုင်တွေမှာ ၁၁၅၇ ကျပ် ၊ Premiumဒီဇယ် တစ်လီတာကို ရန်ကုန်မြို့မှာ ၁၁၂၄ ကျပ် မန္တလေးမြို့မှာ ၁၁၅၉ နဲ့နေပြည်တော် ဆိုင်တွေမှာ ၁၁၆၄ ကျပ်နှုန်း သတ်မှတ်ပြီးတော့ ရောင်းချစေပါတယ်။

အခုလို သတ်မှတ်ရောင်းချပေးစေတဲ့ ဆိုင်တွေဟာ ရန်ကုန်မြို့မှာ ၇၂ ဆိုင်၊ မန္တလေးမြို့မှာ ၃၈ ဆိုင်နဲ့နေပြည်တော်မှာ ၈ဆိုင် ရှိပြီး စုစုပေါင်း ၁၁၈ ဆိုင်ရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

“သူတို့သတ်မှတ်ဆိုင်ဆိုတာ အလကားပဲ၊ ဆိုင်တွေရှေ့သွားကြည့်လိုက်ရင် တန်းစီနေတာ မနည်းဘူး၊ ကိုယ့်အလှည့်ရောက်ဖို့အရေး သေအောင်စောင့်ရတာ ဘာအလုပ်မှ လုပ်မရဘူး၊ ပြီးတော့ တစ်နေ့ကို သုံးခါလောက် ခွဲတမ်းကုန်သွားပြီဆိုတာ လုပ်သေးတယ်၊ နာမည်ခံရောင်းတာ အပြင်မှာ ၁၅၀၀ပေးထည့်ရတာပဲ”လို့ တက္ကစီသမားတစ်ဦးကဆိုပါတယ်။

စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုနဲ့အတူ အငှားယာဉ်မောင်းသမားတွေနဲ့ ကုန်တင်ယာဉ်တွေဟာလည်း အများအပြား ရပ်တန့်လိုက်ရပါတယ်။

 

ကုန်တင်ယာဉ်တွေဟာ တန်ဆာခတွေကို စျေးနှုန်းမြင့်တက်ဖို့အတွက် တောင်းဆိုဖို့ ခက်ခဲနေတာမို့ အရင်လို ကုန်စည်မပြည့်ဘဲ ကားထွက်တာမျိုးတွေ မလုပ်တော့ဘဲ အတက်အဆင်း နှစ်ကြိမ်စလုံး အတွက် ကုန်အပြည်စောင့်ဆိုင်းပြီးမှ ကားထွက်ပေးတာကြောင့် ကုန်ပစ္စည်းတင်ပို့သူတွေမှာ အခက်အခဲဖြစ်ကြရပါတယ်။

 

“ကုန်လာအပ်ရင်ပြောလိုက်တယ် ဘယ်နေ့ရောက်မယ် မသိဘူး ပုတ်သိုးပျက်ဆီးနိုင်တာဆိုရင် မပို့ဖို့ ကြိုပြောလိုက်တယ်၊ အရင်လို အတက်ကုန်တွေပုံနေလို့ အဆင်းကားက ခါလီပြန်ဆင်းပေးတာမျိုး မလုပ်နိုင်တော့ဘူး အတက်ရောအဆင်းရော ကုန်ပြည့်မှ ထွက်နိုင်တော့ ကုန်စောင့်ရတာကြာကုန်တယ်၊ အခုဆီစျေးနဲ့က မလွယ်ဘူး”လို့ ဆင်မလိုက်မှာ ကုန်တင်မော်တော်ယာဉ်ဂိတ်ဖွင့်လှစ်ထားသူ တစ်ဦးကပြောပါတယ်။

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုဟာ ပို့ဆောင်ရေးလုပ်ငန်းတွေမှာသာ ထိခိုက်ခဲ့တာမဟုတ်ဘဲ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ ရေသွင်းစိုက်ပျိုးရေးလုပ်ဆောင်နေရသူတွေပါ ထိခိုက်မှု များပြားစေခဲ့ပါတယ်။

ကျေးရွာမီးလင်းရေးလုပ်ငန်းတွေမှာလည်း မီးတစ်ပွင့်ကို တစ်ရာ့ငါးဆယ်ကနေ သုံးရာအထိ စျေးနှုန်းမြင့်တက်မှုတွေကို ဆက်တိုက်ဖြစ်ပေါ်လာစေခဲ့ပါတယ်။

စစ်အုပ်စုရဲ့ သတ်မှတ်စျေးနှုန်းဆိုင်ဆိုတာကလည်း တစ်ချိန်က ခွဲတမ်းနဲ့ စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို မသိမသာ အသက်သွင်းနေသလိုဖြစ်နေပြီး ခွဲတမ်းအပြည့် ရောင်းချပေးသလား မပေးလားဆိုတာကို ဘယ်သူမှ မစစ်ဆေးနိုင်ပါဘူး။

စက်သုံးဆီလုပ်ငန်းရှင်တွေရဲ့ ပြောကြားချက်တွေအရ နိုင်ငံအတွင်းမှာ တင်သွင်းသိုလှောင်ထားတဲ့ စက်သုံးဆီအများအပြား ကျန်ရှိနေပြီး ပြည်သူတွေသုံးစွဲနိုင်မှုမရှိဘဲ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ဆိုပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်ခဲ့မှုရဲ့ အဓိကပြသနာဟာ ပြည်ပကနေ စက်သုံးဆီတင်သွင်းပြီးတော့ ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ဆီလှောင်ကန်တွေမှာ စက်သုံးဆီ အနည်းဆုံး သိုလှောင်ထားရမဲ့ ပမာဏအောက်ကို ရောက်ရှိနေချိန်မှာ ဒေါ်လာစျေးနှုန်းဆက်တိုက်မြင့်တက်ခဲ့မှု ဖြစ်ခဲ့ပြီး ဗဟိုဘဏ်က လေလံစနစ်နဲ့ ထုတ်ရောင်းချပေးတဲ့ ဒေါ်လာတွေဟာလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေကို မရောက်ရှိခဲ့တာမို့ ပြင်ပစျေးနှုန်းနဲ့ ဒေါ်လာကိုဝယ်ယူပြီး ထပ်မံမှာယူနိုင်မှု မရှိတာနေ စတင်ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

“အနည်းဆုံးသိုလှောင်ထားရမဲ့ ပမာဏရှိတယ်၊ ဆီနည်းလို့ သွင်းရမဲ့အချိန်မှာ ဒေါ်လာစျေးနှုန်းတွေက ကမောက်ကမတွေဖြစ်တာရော တစ်ဖက်မှာ ညှိနှိုင်းမရတာရောမို့ ဘယ်သူမှ မမှာရဲ မသွင်းရဲကြဘူး အဲ့ကနေ အဆင့်ဆင့်ပြိုလဲတာပဲ၊ ဒီအတိုင်းဆိုရင် အရင်လို ခွဲတမ်းစာအုပ်လေးတွေနဲ့ ဝယ်ရတဲ့ဘဝကို ပြန်သွားနိုင်တယ်၊ ဆီဆိုင်ငယ်တွေ အတော်များများ ပိတ်သွားရနိုင်တယ်”လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။