အာဏာရှင်တွေမပျောက်ကွယ်သ၍ ကျပ်ငွေတန်ဖိုး ပြန်တက်လာမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးပြော

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်အာဏာရှင်တွေ မြန်မာမြေပေါ်က မပျောက်ကွယ်သမျှ ကာလပတ်လုံး ကျပ်ငွေတန်ဖိုးပြန်တက်လာမှာမဟုတ် ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနဲ့  ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရောဂါရဲ့ဇစ်မြစ်ကိုမကုနိုင်ဘဲ ဆေးမြီးတိုမျိုးစုံနဲ့သာကုနေပြီး အဲဒီလိုကုနေသမျှ ကျပ်ငွေတန်ဖိုးတင်မက အစစအရာရာပြန်ကောင်းလာစရာမရှိဘူးလို့လည်းဝန်ကြီးကပြောပါတယ်။

‘ဒီဟာတွေအားလုံးရဲ့ လက်သည်တရားခံဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီသာလျှင်ဖြစ်တယ်။သူတို့ရဲ့စီမံ ခန့်ခွဲမှုအလွဲအမှားတွေရယ်ပြည်သူရဲ့ထောက်ခံမှုမရတာတွေ၊ပြည်သူတွေကသူတို့အပေါ်နာကျည်းတာ၊မယုံကြည်တာတွေကြောင့်မို့ ဒီပြဿနာတွေဟာ တနွယ်ငင် တစ်စင်ပါလာတာဖြစ်တယ်။’လို့ ဦးတင်ထွန်းနိုင်ကပြော ပါတယ်။

စစ်အုပ်စုလက်ထက်အာဏာသိမ်းကာလအတွင်း စီးပွားရေးကျဆင်းတာအပါအဝင် ဆုတ်ယုတ်သမျှအားလုံးကို တော်လှန်ရေးအောင်မြင်တာနဲ့ အစကနေပြန်တည်ဆောက်နိုင်မယ်လို့ယုံကြည်ကြောင်းလည်း သူကဆိုပါတယ်။

‘တော်လှန်ရေးအောင်မြင်တာနဲ့ ဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး အလွယ်တကူ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်တယ်။အခိုင်အမာလည်းယုံကြည်တယ်’ လို့ ဦးတင်ထွန်းနိုင်ကဆက်ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးထိုးကျသွားတာဟာ အာဏာရှင်တွေကို ပြည်သူက အယုံအကြည်ကင်းမဲ့တာ ၊ဗဟိုဘဏ်ကို အယုံအကြည်ကင်းမဲ့တာနဲ့ စစ်အုပ်စု ရဲ့ယန္တယားတစ်ခုလုံးအပေါ် အယုံအကြည်က င်းမဲ့သွားတာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

‘ဗဟိုဘဏ်ရဲ့စီမံခန့်ခွဲမှုအလွဲကြောင့်မို့ ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေအပ်နှံထားတဲ့ ပိုက်ဆံတွေကိုလည်း ပြည်သူကပြန်ထုတ်ချင်ကြတယ်။ယုံကြည်မှုမဲ့သွားတယ်။’လို့လည်းသူကဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့အာဏာသက်ဆိုးရှည်ဖို့အတွက် ပုံမှန်အစိုးရတွေလုပ်လေ့လုပ်ထမရှိတဲ့ ငွေစက္ကူတွေကို မဟားတရားရိုက်နှိပ်ထုတ်တာမို့ ငွေတန်ဖိုးဟာကျသထက်ကျလာတယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ စက်တင်ဘာနောက်ဆုံးပတ်အတွင်း နေ့စဥ်အတက်ကြမ်းခဲ့ပြီး အာဏာ မသိမ်းခင်ကာလပေါက်ဈေး   ၂ဆ‌ကျော်အထိ ထိန်းမနိုင်သိမ်းမရ မြင့်တက်ခဲ့ပါတယ်။

အောက်တိုဘာ၄ရက် နေ့ပေါက်ဈေးဟာ ကျပ်၂၃၀၀ ဝန်းကျင်ရှိခဲ့ပြီး အောက်တိုဘာ၅ရက်မှာတော့ ကျပ် ၂၀၆၀လောက်အထိ ဈေးပြန်ကျလာပါတယ်။

ဒီနေ့ညနေရဲ့ အမေရိကန်ဒေါ်လာပြင်ပပေါက်ဈေးကတော့ တစ်ဒေါ်လာကိုကျပ် ၂၃၀၀ ဝန်းကျင်ဖြစ်ပါတယ်။