ရွှေကူတဲစုကျေးရွာက ပြည်သူ၃ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာမှာ နွားစာကျွေးဖို့ ပြန်လာတဲ့ ပြည်သူ ၃ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပျဉ်ထောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပျဉ်ထောင်ကျေးရွာဒေသခံတွေအပြင် အနီးကျေးရွာတွေဖြစ်တဲ့ ရွှေကူတဲစုကျေးရွာ ဒေသခံတွေကပါ တိမ်းရှောင်ခဲ့ရပါတယ်။

ညနေပိုင်းမှာတော့ စစ်အုပ်စုပြန်လည်ထွက်ခွာသွားပြီလို့ ယူဆကာ နွားစာကျွေးဖို့အတွက် ကျေးရွာကို ပြန်သွားတဲ့ ကိုအောင်ဖြိုး၊ ကိုအောင်မြင့်စိုးနဲ့ ဦးစိန်ပိုတို့ကို စစ်အုပ်စုက လမ်းမှာတွေ့ရှိဖမ်းဆီးပြီး ဦးခေါင်းကိုချိန်ရွယ်ပြီး ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ရောက်လာတော့ အကုန်ထွက်ပြေးပြီး ရှောင်နေကြတာ၊ ညနေပိုင်းကျတော့ သူတို့ပြန်သွားပြီထင်ပြီး ဦးစိန်ပိုတို့က နွားစာကျွေးရအောင် ရွာကို ခဏပြန်တာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်က တွေ့ပြီးတော့ ပစ်သတ်ပစ်လိုက်တာ၊ ဒီနေ့မှ အလောင်းပြန်ရလို့ မနက်က သဂြိုဟ်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်အုပ်စုက ကျေးရွာအနီးမှာ ဆက်လက်ကင်းပုန်းချထားတာကြောင့် ဒေသခံတွေဟာ ကျေးရွာကို မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။