ပြည်တွင်းခရီးသွားလုပ်ငန်းကို တိုးတိုးတိတ်တိတ်ပြန်စဖို့ ကုမ္ပဏီတချို့ စိုင်းပြင်း

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ခရီးသွားလုပ်ငန်းကုမ္ပဏီကြီးတချို့ဟာ လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို တိုးတိုးတိတ်တိတ်ပြန်စဖို့ စတင်စိုင်းပြင်းနေပါပြီ။

ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ ကိုယ်ပိုင်အခြေခံအဆောက်အဦရှိနေသေးတဲ့ ခရီးသွားကုမ္ပဏီ သုံးပုံတစ်ပုံလောက် ဟာ ဝန်ထမ်းအင်အားနည်းနည်းနဲ့ လာမယ့်ပွင့်လင်းရာသီမှာ တိုးတိုးတိတ်တိတ်အလုပ်ဖြစ်မလားဆိုတဲ့ မျှော်လင့်ချက် နဲ့ ခတ်ကွင်းပြင်နေတာပါ။

တိုးတိုးတိတ်တိတ်နဲ့ အလုပ်ဖြစ်ချင်ရတဲ့အကြောင်းရင်းကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူအချို့ခရီး သွားကြတာကို တိုင်းပြည်ကြီးသာယာနေပြီဆိုတဲ့ပုံစံမျိုးသတင်းရယူပြီး ခရီးသွားလုပ်ငန်းအပေါ် ဝါဒဖြန့်အမြတ် ထုတ်မှာစိုးတဲ့အတွက်ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက်ပြည်တွင်းခရီးသွားလုပ်ငန်းကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောပါ တယ်။

‘အဲဒီလိုအမြတ်ထုတ်ဝါဒဖြန့်ခဲ့ရင် ကျွန်တော်တို့က ပြည်သူတွေရဲ့အမုန်းကိုခံရနိုင်လို့ တိုးတိုးတိတ်တိတ်ပဲ အလုပ်ဖြစ်ချင်ကြတာ’လို့ သူကဆိုပါတယ်။

ရက်ရှည်ခရီးစဥ်တွေဟာ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့နယ်မြေမှာ ရှိနေတဲ့အပြင် မြို့ တိုင်းလိုလိုမှာ ပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် အလုပ်မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။

‘ညဘက်ခရီးထွက်လို့လည်းမရတော့ အရင်က၂ရက်ခရီးဟာ အခု၄ရက်ခရီးဖြစ်သွားနိုင်ပြီးတည်းခိုစရိတ်တွေ လည်းပိုကုန်ကျမှာဖြစ်လို့ ပိုအလုပ်မဖြစ်နိုင်ဘူး’လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့ကြောင့်နေ့ချင်းပြန်ခရီးတွေကို အဓိကထားဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်ပထမလှိုင်းစတင်တဲ့ ၂၀၂၀မတ်လကစပြီး အိမ်တွင်းအောင်းခဲ့ရတဲ့ပြည်သူတွေဟာ အာဏာသိမ်းခံ လိုက်ရတဲ့ဖိအား၊ကိုယ့်တာဝန်ကိုယ်ယူရတဲ့ တတိယလှိုင်းကိုဗစ်ကာလအတွင်းအသေအပျောက်များခဲ့တဲ့ ဖိ အား နဲ့ အလုပ်အကိုင်အဆင်မပြေမှုဖိအားတို့ကို အပြင်းအထန်ရင်ဆိုင်နေရတဲ့အတွက်စိတ်အပန်းပြေ ခရီးထွက်ဖို့ ဆန္ဒရှိကြတယ်လို့ နေပြည်တော်အခြေစိုက် ခရီးသွားကုမ္ပဏီပိုင်ရှင်ကပြောပါတယ်။

အခုခရီးသွားကုမ္ပဏီကြီးတချို့ဟာ လုပ်ငန်းပြန်စဖို့ စိုင်းပြင်းနေကြတာမှန်ပေမယ့် အမြတ်အစွန်းရဖို့ရဲရဲတင်းတင်း မမျှော်လင့်ထားကြဘူးလို့လည်းပြောပါတယ်။

‘ထိုင်စားနေရတာလည်းကြာပြီဆိုတော့ နည်းနည်းမြတ်လည်းမဆိုးဘူးဆိုပြီး ရုံးအပိုင်၊ခရီးသွားကားအပိုင်တွေနဲ့ ဝန်ထမ်းလည်းအဆင်သင့်ရှိတဲ့ကုမ္ပဏီတွေ စလုပ်နေတာ’လို့ သူကဆိုပါတယ်။

မြို့ပြပြည်သူတွေကို  ပြင်းထန်တဲ့ဖိအားတွေက ခရီးထွက်ဖို့လှုံ့ဆော်နေပေမဲ့ စီးပွားရေးအဆင်မပြေမှုနဲ့ နိုင်ငံရေး အခြေအနေအရ ကုန်ကျစရိတ်သက်သာတဲ့ နေ့ချင်းပြန်ခရီးမျိုးကို ရွေးချယ်ဖို့များတယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက တွက်ဆနေကြပါတယ် ။

‘ခရီးထွက်တာ ပျော်ချင်လို့ဖြစ်တဲ့အတွက် လမ်းမှာစစ်ဆေးဖမ်းဆီးခံရမလားဆိုပြီး တထိတ်ထိတ်ဖြစ်နေရမယ့် ရက် ရှည်ခရီးမျိုးထွက်မှာမဟုတ်ဘူး’လို့ ရှမ်းတောင်အခြေစိုက် ခရီးသွားလုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

Delta News Agency ကပွင့်လင်းရာသီမှာခရီးထွက်ဖို့ရှိ၊မရှိ ပြည်သူအချို့ကို မေးမြန်းခဲ့ရာ တောင်ဥက္ကလာ၁၄ရပ်ကွက်နေ အိမ် ထောင်ရှင်မတစ်ဦးနဲ့ လှိုင်မြို့နယ်၂ရပ်ကွက်နေအမျိုးသမီးကြီးတစ်ဦးက ခရီးထွက်ချင်စိတ်ပြင်းပြနေပေမဲ့ ဝင် ငွေအခြေအနေအရ ထွက်ဖြစ်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။

မဂ်လာတောင်ညွန့်မြို့နယ်နေ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကတော့ ကိုယ့်ကားနဲ့ကိုယ် မိသားစုလိုက် ရန် ကုန်မြို့ပြင်ပသို့ ထွက်ချင်ပေမဲ့ စစ်တပ်ရန်ရှာမှာကိုလည်းကြောက်လို့ စဥ်းစားရဦးမယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်က ခရီးသွားလုပ်ငန်းကို ပြည်တွင်းကနေ ပြန်စနိုင်အောင် လုပ်နေပြီလို့ စက်တင်ဘာ၂၇ရက်နေ့၊ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားသို့ ပေးပို့စာမှာဖော်ပြထားပါတယ်။