မန်ယူကွင်းလယ်လူဟောင်း ပက်ဂျီဆန်က သူ့အတွက် ရည်ညွှန်းသီဆိုတဲ့ သီချင်းကို ဆက်မဆိုကြဖို့ ပရိသတ်တွေကို တောင်းဆို

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

တောင်ကိုရီးယားနဲ့ မန်ယူကွင်းလယ်ကစားသမားဟောင်း ပက်ဂျီဆန်က အရင်က သူ့အတွက် ရည်ညွှန်းသီဆိုတဲ့ သီချင်းထဲမှာ ဇာတိမြေနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အကြောင်းအရာတွေ ပါဝင်နေတာကြောင့် အဲ့ဒီသီချင်းကို ဆက်မဆိုကြဖို့ မန်ယူပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

ပက်ဂျီဆန်ကို ရည်ညွှန်းသီဆိုတဲ့ သီချင်းထဲမှာဆိုရင် ခွေးသားစားတဲ့ အကြောင်းအရာတွေ ပါဝင်နေပြီး ပက်ဂျီဆန်ကတော့ ဒီသီချင်းဟာ တောင်ကိုရီးယား နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ မှတ်ယူနေတာပါ။

မန်ယူပရိသတ်တွေဟာ နစ်နာလိုတဲ့ ဆန္ဒမရှိဘဲ သူ့အကြောင်းကို သီဆိုခဲ့ပေမယ့် ကြားလိုက်ရတဲ့ အချိန်မှာတော့ တောင်ကိုရီးယားသားတစ်ယောက်အနေနဲ့ အဆင်မပြေဖြစ်ရတယ်လို့ ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။

ပက်ဂျီဆန်ဟာ မန်ယူအသင်းကနေ အနားယူပြီးတာ ကြာခဲ့ပြီဖြစ်ပေမယ့် ဒီသီချင်းနဲ့ ပတ်သက်လို့တော့ ကစားပြီးခဲ့တဲ့ ဝူဗာဟမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ကစားခဲ့တဲ့ ဝူဗာဟမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ကစားသမားသစ် တောင်ကိုရီးယားသား ဟွမ်ဟီချမ်းကို ဝူဗာဟမ်တန်အသင်းက မိတ်ဆက်ပေးခဲ့ပါတယ်။

မန်ယူပရိသတ်တွေဟာ သူတို့ရဲ့ ကစားသမားဟောင်း တောင်ကိုရီးယားသား ပက်ဂျီဆန်ကို အမှတ်ရတဲ့ အနေနဲ့ သူ့ကို ရည်ညွှန်းတဲ့ သီချင်းကို သီဆိုခဲ့ကြတာပါ။

ပက်ဂျီဆန်ကတော့ ဒီအဖြစ်ရပ်နဲ့ ပတ်သက်လို့ စိတ်ခံစားမှုမကောင်းခဲ့ဘဲ တောင်ကိုရီးယားနိုင်ငံဟာ အရင်လို မဟုတ် ပြောင်းလဲသွားပြီဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ကမ္ဘာမှာ ခွေးသားစားခြင်းကိစ္စနဲ့ ပတ်သက်လို့ တရုတ်၊ ဗီယက်နန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးမှာတော့ ခွေးသားအစားဆုံးနိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကတော့ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။