ဧရာဝတီတိုင်းက မြို့နယ် ၄ခုမှာ ကိုဗစ်စစ်ဆေးရေး အမည်ခံဂိတ်တွေ စဖွင့်

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်၊မြောင်းမြ၊ကျုံပျော်နဲ့ ဘိုကလေးမြို့တို့မှာ အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၇ရက်နေ့မှ စတင်ကာ ကိုဗစ်စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး မြို့နယ်တွေကို လာရောက်တဲ့ ပြည်သူတွေအနေနဲ့ လာရောက်ဒေသက ထောက်ခံစာတွေ မပါဝင်ရင် ကိုဗစ်စစ်ဆေးရမယ်လို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ပုသိမ်၊မြောင်းမြ၊ကျုံပျော်နဲ့ဘိုကလေးမြို့တွေမှာ ကိုဗစ်ကူးစက်မှု လျှော့ကျသွားခြင်း မရှိသေးတာကြောင့် အခုလို လုပ်ဆောင်တာလို့ စစ်အုပ်စုရဲ့ ညွှန်ကြားစာမှာ ထုတ်ပြန်ထားပါတယ်။

“ကိုဗစ်စစ်ဆေးရေးထက် သူတို့က PDFတွေ ပြန်ရောက်နေပြီလို့ သတင်းကြားတာနဲ့ ကြောက်ပြီး လုပ်နေတာပါ၊ ရောဂါအရမ်းဆိုးနေချိန်တုန်းကတောင် ဘယ်မှာ စစ်လို့လဲ၊ အခု ပုသိမ်ဆို ကံကုန်းထဲက မြို့ထဲအရောက်ဆို ၆နေရာလောက် စစ်တယ်၊ မြောင်းမြဆို ၅မိုင်ထဲကနေ မြို့ထဲအရောက် ဂိတ်၃ခုရှိတယ် ဂိတ်တွေမှာ သူတို့ဘာသာ ပိုက်ဆံတောင်းပြီး အရင်ထဲက ဘာမှ မစစ်ဘဲ လွှတ်ပေးနေတာ အခုမှ ထကြောက်ပြီးတော့ ကိုဗစ်အကြောင်းပြပြီး စစ်ဖို့လုပ်တာ၊သူတို့ပြောတဲ့ ထောက်ခံစာဆိုတာကလည်း ဘယ်သူမှ ပါမှမဟုတ်ဘူး ဘယ်မြို့က အုပ်ကြီးက အခုချိန်မှာ ထောက်ခံစာပေးလို့လဲ”လို့ ပုသိမ်မြို့မှ မြောင်းမြမြို့ကို ကုန်သယ်ပို့နေသူ တစ်ဦးကပြောပါတယ်။

စစ်အုပ်စုက ဖွင့်လှစ်တဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်တွေမှာ ဘယ်လို ကျန်းမာရေးစစ်ဆေးပြီး ဘယ်လို ထောက်ခံစာတွေ လိုအပ်တယ်ဆိုတာကိုတော့ တိကျစွာ ထုတ်ပြန်ထားခြင်း မရှိပါဘူး။