စစ်အုပ်စုရဲ့ သတင်းပေးဒလန်တစ်ဦးကို သုတ်သင်ခဲ့တယ်လို့ ရေစကြို PDF ထုတ်ပြန်

၂၇ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)စခန်းဝင်ရောက်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ အတူပူးပေါင်းပါဝင်ခဲ့တဲ့ သတင်းပေးဒလန်တစ်ဦးကို သုတ်သင်ခဲ့တယ်လို့ ရေစကြို PDF က ဒီနေ့ ဩဂုတ် ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ရေစကြိုမြို့နယ် ဇီးတော စံပြကျေးရွာက ဒလန်သန်းဌေးကို သုတ်သင်ရာမှာ ရေစကြို PDFနဲ့ မြင်းခြံပြောက်ကျားတပ်(MG6)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုသတင်းပေး ဒလန်သန်းဌေးဟာ သူရဲ့တူဖြစ်တဲ့ ဇီးတော အုပ်ချုပ်ရေးမှူးနဲ့အတူ ရေစကြို PDF စခန်းကို စစ်အုပ်စုက ဝင်ရောက်ရာမှာ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ရက်က ရေစကြို PDF အခြေစိုက် စခန်းတစ်ခုကို စစ်အုပ်စုတပ်က ဝင်ရောက် စီးနင်းပြီး စခန်းကို မီးရှို့ခဲ့ပါတယ်။ လက်နက်တွေနဲ့ ပစ္စည်းတွေ သိမ်းဆည်းသွားပေမယ့် PDF တပ်ဖွဲ့ဝင်တွေ ကျဆုံးတာ ဖမ်းဆီးခံရတာမရှိဘူးလို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖော်ဖို့ အချိန်မကျသေးတာရယ် သစ္စာခံထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တိုက်ပွဲခေါ်သံကို စောင့်ဆိုင်းနေတာရယ်ကြောင့် စခန်းကို စွန့်ခွာခဲ့တာလို့ ရေစကြို PDFက ထုတ်ပြန်ထားပါတယ်။