အိမ်စောင့်အစိုးရအမည်ပြောင်းပြီး ဝန်ကြီးချုပ်လုပ်ချင်တဲ့ စစ်ခေါင်းဆောင်

၁ ၊ သြဂုတ်လ ၊ ၂၀၂၁။

ပြည်သူ့အာဏာကို လက်နက်ပြ အကြမ်းဖက်လုယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ အာဏာသိမ်းယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တာဝန်ယူရာကနေ ၆လအကြာမှာ စစ်ကောင်စီအစား အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် လုပ်ဆောင်ဖို့ ကြိုးစားလာပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ဖို့နဲ့ ကောင်စီဥက္ကဌကနေ ဝန်ကြီးချုပ်အဖြစ် သူ့ကို ပြောင်းလဲသတ်မှတ်ဖို့ ကိုယ်တိုင်ရေး အမိန့်စာတစ်စောင်ကို ဩဂုတ်လ ၁ရက်နေ့မှာ ကြေညာခဲ့တာပါ။

အိမ်စောင့်အစိုးရမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ရယူထားမှာဖြစ်ပြီး သူ့လက်အောက်မှာ သူခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အစိုးရတစ်ရပ်အသွင်နဲ့ ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက အစိုးရတစ်ရပ်အဖြစ် မသတ်မှတ်တာကြောင့် နောက်ထပ်ခြေလှမ်းတစ်မျိုးအဖြစ် အသွင်ပြောင်းကာ နိုင်ငံတကာကို ချဉ်းကပ်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူအာဏာလုယူစဉ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ ကတိကို လျစ်လျူရှု့ကာ နိုင်ငံ့အာဏာကို နောက်နှစ်နှစ်အထိ ဆက်လက်လုယူထားမယ်လို့ လည်း ပြောခဲ့ပါတယ်။

အာဏာလုယူစဉ်က ၂၀၀၈အခြေခံဥပဒေအတိုင်း လုပ်ဆောင်ခဲ့ပါတယ်လို့ လှည့်ဖျားပြောဆိုခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၀အထွေထွေရွေးကောက်ပွဲရလဒ်ကိုလည်း ဖျက်သိမ်းခဲ့ပြီးနောက် အရင်က အာဏာရှင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လမ်းအစဉ်အတိုင်း နိုင်ငံ့အာဏာကို ဆက်လက်လုယူထားနိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။