အကြမ်းဖက်စစ်တပ်ရဲ့ ပြည်ထဲ​ရေးဝန်ကြီးသား နေပြည်​တော်မှာ ရမ်းကား​နေ

၉ ၊ ဇွန်လ ၊ ၂၀၂၁ ။

အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့သားဖြစ်သူ စည်သူ ထွဋ်နဲ့အပေါင်းအပါ​တွေ စား​သောက်ဆိုင်မှာ ရမ်းကားပြီး​နောက် ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်း​တွေ ဖမ်းဆီးခံလိုက်ရပါတယ်။

ဇွန်လ(၇)ရက်နေ့ညက နေပြည်တော် သပြေကုန်း ဧရာဝတီလမ်းမကြီးပေါ်မှာရှိတဲ့ Excellent Bar & Restaurant မှာ စည်သူထွဋ်အပါအဝင် ရွှေတောင်ကြီးစားသောက်ဆိုင်ပိုင်ရှင်အဖွဲ့နဲ့ လူငယ်သုံး​ယောက်အဖွဲ့ အကြား ကနဦးရန်ဖြစ်ခဲ့ကြတယ်လို့ အမည်မ​ဖော်လိုတဲ့ သတင်းအရင်းအမြစ်က ​ပြောပါတယ်။

နှစ်ဖက်ရန်ပွဲကို ဆိုင်ဝန်ထမ်း​တွေက ကြားဝင်ဖြန်​​ဖြေ​ပေးခဲ့​ပေမယ့် စည်သူထွဋ်နဲ့အဖွဲ့က အဲဒီဝန်ထမ်း​တွေကိုပါ ထိုးကြိတ်ရန်ပြုခဲ့တယ်လို့ သိရပါတယ်။ ရန်ပွဲအပြီးမှာ​တော့ အခြေအနေအရပ်ရပ်ကိုထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ဖို့လို့ပြောပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမျိုးဝေလင်းနဲ့ ဆိုင်ရှိဝန်ထမ်း​ မိသားစု​တွေအားလုံးကို ရဲတပ်ဖွဲ့က ကားအစီး(၂၀)နဲ့ ညတွင်းချင်း လာ​ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဥ်ကို မှတ်တမ်းတင်ထားတဲ့ ဖုန်း​တွေအားလုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့ပြီး ဇွန်လ(၈)ရက်နေ့မနက်ပိုင်းမှာ​တော့ ဝန်ထမ်းတချို့နဲ့မိသားစု​တွေကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ကာ ဆိုင်ပိုင်ရှင်နဲ့ဝန်ထမ်း(၁၅)ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ မိသားစုရှေ့နေနဲ့ပါ တွေ့ခွင့်မပေးဘူးလို့လည်း သိရပါတယ်။

စည်သူထွဋ်ဟာ မကြာသေးခင်ကလည်း နေပြည်တော်က KTV တစ်ခုမှာ ပြဿနာရှာခဲ့တာ​ကြောင့် ဆိုင်တပတ်ပိတ်သိမ်းခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါ​သေးတယ်။ ဆိုင်အတွင်းအကြမ်းဖက် ရန်ပြုတဲ့လုပ်ရပ်​ကြောင့် ဆိုင်ရှင်က သူ့ကို ပြန်လည်အမှုဖွင့်တိိုင်ကြားဖို့ စီစဥ်​နေတယ်လို့ ​သိရပါတယ်။

ရန်ကုန်မှာလွန်ခဲ့တဲ့ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ LGBTအလှမယ်တစ်ဦး ကားတိုက်သေဆုံးမှုရဲ့ လက်သည်တရားခံကလည်း အကြမ်းဖက်စစ်အုပ်စုအသိုင်းအဝိုင်းထဲက အရှိန်အဝါကြီးတဲ့သားသမီးတစ်ဦးဖြစ်ပြီး ကလပ်မှ အပြန်ဖြစ်ပွားခဲ့တယ်လို့ သတင်း​တွေထွက်​ပေါ်​နေ​ပေမယ့် Delta News Agencyအ​နေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစား​နေစဲ ဖြစ်ပါတယ်။