မြန်မာ၉ ၊ ဇွန်လ ၊ ၂၀၂၁ ။
စစ်အုပ်ချုပ်ရေးလက်အောက်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အင်မတန်စိုးရိမ်စရာကောင်းပြီး တဖြည်းဖြည်း ပိုဆိုးလာနေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာ မူဝါဒ စေ့စပ်ညှိနှိုင်းရေးအရာရှိ Kurt Campbell က သတိပေးလိုက်ပါတယ်။
“ပဋိပက္ခတွေ ဆက်တိုက်မြင့်တက်နေတယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေပါ” လို့ ဇွန်လ ၈ရက်နေ့က ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတခုမှာ သူက ပြောခဲ့တာပါ။
ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ နေ့စဥ် ဆန္ဒပြပွဲတွေအပြင် အာဏာသိမ်း စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လက်ရှိကယားပြည်နယ်တွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားလက်လွတ်တိုက်ခိုက်မှုတွေ အပါအဝင် တိုက်ပွဲတွေကြောင့် လူတစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်တပ်ပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ အင်တာဗျူးတခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အခုလို လူထုမငြိမ်သက်မှုတွေကို ကြိုတင်မမျှော်မှန်းခဲ့ဘူးလို့ ဝန်ခံခဲ့တယ်ဆိုတာကို Kurt Campbell က မှတ်ချက်ပြုခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြတဲ့ အာဆီယံအပါအဝင် အခြားအဖွဲ့အစည်းတွေရဲ့ အားထုတ်မှုကို ထောက်ခံတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Ref – Reuters