
မနီလာမြို့မှာ ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေးဗီးယား အင်ပီရီရယ်လ် က အာဆီယံအနေနဲ့ “မြန်မာနိုင်ငံကို နိုင်ငံ ကိုယ်စားပြု ဝန်ကြီး ဒါမှမဟုတ် ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ပြီး အစည်းအဝေးဝိုင်းကို ပြန်ဝင်လာဖို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။
၂၁ ၊ ဇူလိုင်
ဒီကနေ့ ဇူလိုင်လ ၂၁ရက်နေ့ ဖိလစ်ပိုင်မှာ စတင်ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး ကိစ္စက ဆွေးနွေးပွဲတွေကို အဓိက လွှမ်းမိုးထားလိမ့်မယ်လို့ မျှော်လင့်ရကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံလျက်ရှိတယ်လို့ အခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို အဆင့်မြင့်အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေေတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
မေလမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေကို အစည်းအဝေးတွေမှာ အွန်လိုင်းကနေ ပါဝင်တက်ရောက်ခွင့်ပြုဖို့ ယေဘုယျ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားရာမှာတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံရေးသမားမဟုတ်တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ထပ်ပြီး ဦးဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မနီလာမြို့မှာ ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇေးဗီးယား အင်ပီရီရယ်လ် က အာဆီယံအနေနဲ့ “မြန်မာနိုင်ငံကို နိုင်ငံ ကိုယ်စားပြု ဝန်ကြီး ဒါမှမဟုတ် ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ပြီး အစည်းအဝေးဝိုင်းကို ပြန်ဝင်လာဖို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။
“ဒါပေမဲ့ လက်ရှိမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလိုဖြစ်လာစေဖို့ နည်းလမ်းတွေကို ရှာဖွေနေတုန်းဆိုတာ အားလုံး အသိဘဲဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအပြင် စစ်တပ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစေတွေအကြား ဖြစ်ပွားခဲတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အများအပြား ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ အခုနှစ်အစောပိုင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့ရေးရာအပြင် အမေရိကန်နဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဆွေးနွေးကြလိမ့်မယ်လို့ အင်ပီရီရယ်လ်ရဲ့ အဆိုအရ သိရပါတယ်။
၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကို နိုင်ငံပေါင်း ၅၀ ကျော်က နိုင်ငံခြားရေးဝန်ကြီးတွေ သံအမတ်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေဟာ ဖိလစ်ပိုင်နိုင်ငံကို တနင်္လာနေ့ကနေ သောကြာနေ့အထိ စုဝေးရောက်ရှိကြမှာ ဖြစ်ပါတယ်။
Ref – Bangkok Post