ရန်ကုန်မြို့  ကြက်ဥကို သတ်မှတ်စျေးအတိုင်း ဝယ်ခွင့်ရ ခက်ခဲ

မွေးမြူရေး လုပ်ငန်းရှင်တွေက အလှည့်ကျစနစ်နဲ့ ကြက်ဥကိုအ ပြင်ပေါက်စျေးထက် လျှော့ရောင်းနေရတာဖြစ်ပြီး စျေးတခုအတွက် အလုံးရေ တသောင်းလောက်ပဲ ရောင်းပေးနိူင်တာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

၂၁၊ဇူလိုင်

ရန်ကုန်မြို့မှာ အာဏာသိမ်းအစိုးရက  ကြက်ဥကို သတ်မှတ်စျေး ၅၅၀ ကျပ်နဲ့ စျေးတွေမှာ အလှည့်ကျ ရောင်းချဖို့ ညွှန်ကြားထားပေမယ့်  ပြည်သူတွေ အဲဒီဈေးအတိုင်း ကြက်ဥဝယ်ဖို့ အခက်အခဲတွေ ရှိနေတာပါ။

​ပြင်ပမှာ ကြက်ဥစျေးနှုန်း  တလုံး ၇၀၀ ကျပ်နီးပါး ဖြစ်လာတဲ့အတွက် ဝေဖန်မှုတွေ ရှိလာတဲ့နောက် ကြက်၊ ဘဲ မွေးမြူထုတ်လုပ် ရောင်းချသူများအသင်းက တလုံး ၅၅၀ ကျပ်နဲ့ စျေးတွေမှာ အလှည့်ကျ ရောင်းချနေတာ ဖြစ်ပါတယ်။

“ကြက်ဥ လာရောင်းနေတယ်ဆိုတာ ကြားကြားချင်းသွားတာ မမီတော့ဘူး။ ကြက်ဥဝယ်ဖို့တောင် မလွယ်တဲ့ ကာလ။ နောက်ဆို ဘာတွေထပ် ဖြစ်ဦးမလဲမသိဘူး” လို့ ပြောပါတယ်။

ဒါပေမယ့် အလုံးရေ အကန့်သတ်နဲ့ပဲ ရောင်းပေးတဲ့အတွက် စားသုံးသူတွေ လိုသလောက် ဝယ်ခွင့်မရသလို ကုန်တာမြန်လို့ မဝယ်လိုက်ရသူ ပိုများနေတယ်လို့ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်သူတဦးက ဆိုပါတယ်။

လက်ရှိမှာ မွေးမြူရေး လုပ်ငန်းရှင်တွေက အလှည့်ကျစနစ်နဲ့ ကြက်ဥကိုအ ပြင်ပေါက်စျေးထက် လျှော့ရောင်းနေရတာဖြစ်ပြီး စျေးတခုအတွက် အလုံးရေ တသောင်းလောက်ပဲ ရောင်းပေးနိူင်တာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ကြက်ဥစျေး တက်ရတဲ့အ ကြောင်းအရင်းမှာ အစာကုန်ကြမ်းဈေး မြင့်တက်လာတာ၊ ပြည်ပက တင်သွင်းဖို့ ခက်တဲ့အခြေအနေတွေကြောင့် ဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောဆိုထားကြပါတယ်။

 

အခုလို ရန်ကုန်မြို့မှာ ကြက်ဥစျေး တက်တဲ့အတွက် သက်သာတဲ့စျေးနဲ့ ခွဲတမ်းချရောင်းတာ လိုက်ဝယ်နေရသလို စားအုန်ဆီစျေး အဆမတန်တက်နေပြီး ပစ္စည်းလည်း လိုသလောက်မရဘဲ ပြတ်လပ်နေပါတယ်။

Photob- ကြက်ဥ၊ဘဲဥရောင်းချသူများအစုအဖွဲ့-ရန်ကုန်