ရန်ကုန်မှာ တုပ်ကွေးဖျားတွေ များနေပြီး ဆေးခန်းတွေမှာ လူပုံနေ

“ဆေးခန်းသွားတာ ကိုယ့်ရှေ့မှာ လူ၄၀ လောက် ရှိတယ်။ ဖျားပုံချင်းက အတူတူပဲ။ အိမ်ဘေးကလည်း ဖျားတဲ့သူတွေ ရှိတယ်။ ဆေးခန်းပြလည်း အဖျားက အရှင်းမပျောက်ဘူး”

၈၊ဇူလိုင်

တိုင်ဖွန်းမုန်တိုင်း မေဆက်(Maysak)သက်ရောက်မှုနဲ့အတူ ဇူလိုင်လဆန်းကတည်း ပုံမှန်ထက် ပိုပြီးမိုးရွာသွန်းမှု များနေတဲ့ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်းမှာပဲ ဖျားနာသူတွေလည်း များလာနေပါတယ်။

” ရိုးရိုး ဖျားနာလူနာတွေ များတယ်။ အပြင်ဆေးရုံ၊ဆေးသွားဖို့အဆင်မပြေတဲ့သူတွေလာကြတာ၊ ကလေးလူနာကတော့ ရန်ကင်းဆေးရုံ သွားကြတာ၊အဲဒီမှာလည်းလူနာများတယ်ပြောတယ် ” လို့ စံပြဆေးရုံက တာဝန်ကျ ဆရာဝန်တဦးက ပြောပါတယ်။

အသက်အရွယ်စုံ ဖျားနာနေကြတာဖြစ်ပြီး ရက်ရှည်ဝေဒနာ ခံစားရတာမျိုးတွေ ရှိနေတာလို့ ဆိုပါတယ်။
တကြိမ်ကုသမှုနဲ့ မပြီးတာမျိုး ကြုံနေရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်က မိသားစုလိုက် ဆေးခန်းပြခဲ့ရသူ တဦးက ဆိုပါတယ်။

“ဆေးခန်းသွားတာ ကိုယ့်ရှေ့မှာ လူ၄၀ လောက် ရှိတယ်။ ဖျားပုံချင်းက အတူတူပဲ။ အိမ်ဘေးကလည်း ဖျားတဲ့သူတွေ ရှိတယ်။ ဆေးခန်းပြလည်း အဖျားက အရှင်းမပျောက်ဘူး” လို့ ပြောပါတယ်။

အခုလို ဖျားနာတဲ့သူတွေ များနေတာကြောင့် ဆေးခန်းပြဖို့ အချိန်ကြာမြင့်စွာ စောင့်ရတဲ့ အခြေအနေလည်း ရှိနေပါတယ်။ ဖျားနာလို့ အပြင်ဆေးခန်းမှာ ကုသသူတွေများနေသလို ဆေးရုံပြင်ပ လူနာဌာနမှာလည်း ကုသမှု ခံယူသူတွေ အခုရက်ထဲ များလာတယ်လို့ စံပြဆေးရုံရဲ့ တာဝန်ကျဆရာက ပြောပါတယ်။

အခုလို ဖျားနာမှုတွေ ရှိနေတာကြောင့် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်​စေမယ့် အစားအသောက်တွေ စား​သောက်ဖို့နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ ဆရာဝန်အသိုင်းဝိုင်းက အကြံပြုထားပါတယ်။

မြန်မာ့ကျန်းမာရေးဌာနနဲ့ နီဂါတာတက္ကသိုလ် ပူးပေါင်းလုပ်တဲ့ Influenza Project in Myanmar အချက်အလက်တွေအရ ရန်ကုန်မြို့ဟာ မိုးဦးကာလ ကျောင်းဖွင့်ရာသီဖြစ်တဲ့ ဇွန် နဲ့ ဇူလိုင်လတွေမှာ တုပ်ကွေးဖျားနာနှုန်း မြင့်မားလေ့ရှိပြီး ၊ အဖြစ်အများဆုံး လတွေကတော့ မိုးနှောင်းနဲ့ ဆောင်းဦးကာလတွေ ဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ စပြီး ဒီနေ့အထိ ရန်ကုန်မှာ တိုင်ဖွန်းမုန်တိုင်း မေဆက် သက်ရောက်မှု့ကြောင့် ပုံမှန်ထက်ပိုပြီး မိုးများနေသလို မနက်ဖြန် ၉ ရက်နေ့မှာလည်း မိုးရေချိန် ၁၀.၆၉ လက်မ အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

#ရန်ကုန် #တုပ်ကွေး #ဖျားနာ #ဆေးခန်း
#DeltaNewsAgency #DNA