
“စျေးကတက်ရင် ထပ်တက်စေချင်တယ်။ ဒါမှလည်း တောင်သူတွေ နည်းနည်းအဆင်ပြေကြမှာ”
၈၊ ဇူလိုင်။
ဧရာ၀တီတိုင်းမှာ မတ်ပဲစျေးနှုန်းတွေ သုံးတင်းကို ကျပ်တသိန်းတသောင်းကျော် အထိ ဈေးတက်လာနေပါတယ်။ပြီးခဲ့တဲ့လက မတ်ပဲတတင်းကို ကိုးသောင်းခွဲဝန်းကျင်သာ ရှိခဲ့ရာကနေ အခုလို ဈေးတက်ခဲ့တာပါ။
“ပဲစျေးကတော့ အတက်ဘက်ကို ဦးတည်နေတယ်။ ဆက်တက်လာဖို့ ရှိမယ်ထင်တယ်။ ဒီလထဲမှာပဲ ပဲစျေးက နည်းနည်းငြိမ်သွားပြီးမှ ထပ်တက်လာတာ။ ပဲက တောင်သူတွေလက်ထဲမှာ နည်းလည်းနည်းသွားပြီလေ။ အဲဒါကြောင့်လည်းပါတယ် စျေးတက်တာ” ပုသိမ်မြို့နယ်မှ ပဲအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။
အခုလို ပဲစျေးတက်တာဟာ မိုးတွင်းကာလ ရောက်လာပြီး တောင်သူတွေဆီ ပဲလက်ကျန်န ည်းသွားတာ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပဲကုန်သည်တွေနဲ့ ဒေသခံတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းအတွင်းက မြို့နယ်တိုင်းမှာတော့ ပဲစျေးလိုက်တက်တာ မရှိဘူးလို့ ဆိုကြပါတယ်။
“ကျွန်တော်တို့ဆီတော့ သိပ်မတက်သေးဘူး။ တသိန်း၊ တသိန်းကျော် ကျော်လေးပဲရှိတယ်။ စျေးတက်နိုးနိုးနဲ့ မ ရောင်းဘဲ စောင့်နေတဲ့တောင်သူတွေတော့ရှိတယ်။ အများစုကတော့ ရတဲ့စျေးနဲ့ ရောင်းလိုက်ကြပြီးပြီ” လို့ ဝါးခယ်မ မြို့နယ်မှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးလို့ အရင်းမရ၊ အရှုံးပေါ်တာကြောင့် ပဲပြောင်းစိုက်ခဲ့ကြပြီး အခုနှစ်မှာ ပဲခင်းဧကရာချီဟာ အဝါရောင်သန်းကာ အခင်းလိုက်ပျက်စီးတာတွေနဲ့ ကြုံခဲ့ကြရတာကြောင့် ပဲစိုက်တောင်သူတွေအဖို့ ဆုံးရှုံးမှု ကြီးခဲ့တယ်လို့ ဆိုပါတယ်။
“စျေးကတက်ရင် ထပ်တက်စေချင်တယ်။ ဒါမှလည်း တောင်သူတွေ နည်းနည်းအဆင်ပြေကြမှာ” လို့ ကျုံပျော်မြို့ နယ်မှ ပဲစိုက်တောင်သူက ပြောထားပါတယ်။
မတ်ပဲစျေးအပြင် အခြားပဲစဉ်းငုံ၊ ပဲတီစိမ်းစျေးတွေဟာလည်း စျေးအနည်းငယ် တက်လာနေပြီး တတင်းကို ကျပ်တသိန်းနီးပါး ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စပါးစျေးဟာလည်း တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်ထိ တက်နေပြီး စျေးတက်ချိန် တောင်သူအများစုမှာ စပါးလက်ဝယ် မရှိကြတော့တာကြောင့် အကျိုးအမြတ် ရသူနည်းတယ်လို့ ဆိုကြပါတယ်။
ဧရာဝတီတိုင်းအတွင်းက ဒေသခံတောင်သူတွေဟာ မိုးရာသီစပါးစိုက်ပြီး ဆောင်းသီးနှံအဖြစ် ပဲကို စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး စပါးရောပဲပါ စျေးကောင်းမရတာကြောင့် ဒေသခံတောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
စပါးစျေးဟာလည်း အရင်နှစ်တွေတုန်းက တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါး စျေးတည်ငြိမ်မှုမရှိဘဲ ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခတွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံလယ်သမားတွေက ပြောကြပါတယ်။
#ဧရာဝတီတိုင်း #ပဲဈေး #တောင်သူ #ဈေးတက်
#DeltaNewsAgency #DNA