
အိန္ဒိယ-ရုရှား ပူးပေါင်းဖက်စပ် ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BrahMos နဲ့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ဘရာမို့စ် ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် စာချုပ်တရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ ကြေညာချက်အရ သိရပေမယ့် အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
၈ ၊ ဇူလိုင်
အိန္ဒိယနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံကို ဘရာမို့စ် (BrahMos) ခရုစ်ဒုံးကျည်စနစ်နဲ့ အက်စထရာ (Astra) ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးသွားမယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတဦးက ဇူလိုင် ၇ ရက်နေ့မှာ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက နှစ်ရက်ကြာ အင်ဒိုနီးရှားခရီးစဉ်အတွင်း သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ တွေ့ဆုံခဲ့ပြီး၊ အခုရီးစဉ်ဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။
အိန္ဒိယ-ရုရှား ပူးပေါင်းဖက်စပ် ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BrahMos နဲ့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ဘရာမို့စ် ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် စာချုပ်တရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ ကြေညာချက်အရ သိရပေမယ့် အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အိန္ဒိယအစိုးရတာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယဟာ အင်ဒိုနီးရှားနိုင်ငံကို ဘရာမို့စ် ခရုစ်ဒုံးကျည်စနစ်နဲ့ အက်စထရာ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက အင်္ဂါနေ့အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဘရာမို့စ်ကုမ္ပဏီဟာ သူတို့ရဲ့ ဒုံးကျည်စနစ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနေ သန်း ၃၅၀ကြား တန်ဖိုးရှိတဲ့ သဘောတူညီချက်တခု ရရှိရေးအတွက် အင်ဒိုနီးရှားနိုင်ငံနဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။
အဆိုပါကုမ္ပဏီဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့လည်း သဘောတူညီချက်တွေ လက်မှတ်ရေးထားပြီး ဖြစ်ပါတယ်။
သီးခြားအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ၏ ပုဂ္ဂလိက ကာကွယ်ရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Republikorp နဲ့ အိန္ဒိယအခြေစိုက် ကာကွယ်ရေးကုမ္ပဏီ Bharat Dynamics တို့ဟာ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်နဲ့ ပတ်သတ်တဲ့ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။
ထို့အပြင် နှစ်နိုင်ငံစလုံးဟာ အရေးကြီးတွင်းထွက်ပစ္စည်းတွေနဲ့ စတီးလုပ်ငန်းတွေအပြင် စိုက်ပျိုးရေးကဏ္ဍတို့မှာ ထောက်ပံ့ရေးကွင်းဆက် ခိုင်မာအားကောင်းစေဖို့ နားလည်မှုစာချွန်လွှာတွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ နှစ်နိုင်ငံ ဖြစ်ပါတယ်” မိုဒီနဲ့ တွေ့ဆုံချိန်မှာ အတူရှိစဉ် ပရာဘိုဝိုက ပြောကြားခဲ့ပြီး “ကျွန်တော်တို့ကြားက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းအတွက် အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးမှာပါ” လို့ ဆိုပါတယ်။
အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ဟာ ဦးစားပေးကုန်သွယ်မှု သဘောတူညီချက် (PTA) ဆိုင်ရာ ဆွေးနွေးမှုတွေကို အရှိန်မြှင့်တင်သွားမယ်လို့လည်း ပရာဘိုဝိုက ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားခရီးစဉ်အပြီးမှာ မိုဒီဟာ ဒီကနေ့ ဇူလိုင် ၈ရက်နေ့မှာ ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံကို ဆက်လက်ထွက်ခွာသွားမယ်လို့ သိရပါတယ်။
Ref – Reuters
#အိန္ဒိယ #အင်ဒိုနီးရှား #BrahMos #ဒုံးကျည်
#DeltaNewsAgency #DNA