
“ဘယ်လိုပဲဆိုဆို အခုက အစိုးရသစ်တက်လာပြီလေ။ အခုလိုမျိုး တရားမဝင် စစ်မှုထမ်းကြေး တောင်းတာတွေ တားရတော့မယ်။ ဒါတွေက တရားမဝင်ဘူး။ ပြည်သူကို နှိပ်စက်ရာရောက်တယ်”
၁၁၊ ဇူလိုင်။
ဧရာ၀တီတိုင်း အင်္ဂပူမြို့နယ် မှတ်တိုင်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းအရွယ် လူငယ်တဦးအတွက် အရင်က တလမှာ တသိန်းခွဲသာ ကောက်ခံနေခဲ့ရာကနေ ဇွန်လကစပြီး ကျပ်နှစ်သိန်းခွဲထိ တိုးကောက်နေပါတယ်။
“အုပ်ချုပ်ရေးမှူးကတော့ ပြုတ်သွားပြီ။ အသစ်တက်နေပြီ။ ဒါပေမယ့် ဒီကောင်က စစ်မှုထမ်းကြေးကောက်နေ တုန်း။ ရာထူးပြုတ်နဲ့ အချီကြီးမလို့ ကြံနေတာ။ နှစ်သိန်းခွဲမပေးနိုင်ရင် စစ်မှုထမ်းပို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထား တော့ သားသမီးရှိနေတဲ့လူတွေမှာ ကြောက်နေရတယ်” လို့ မှတ်တိုင်ကျေးရွာအုပ်စုမှ အမည်မဖော်လိုသူဒေသခံတ ဦးက ပြောပါတယ်။
အင်္ဂပူမြို့နယ် မှင်တိုင်ကျေးရွာအုပ်စုမှာ မှင်တိုင်၊ ကျောင်းကွင်း၊ တဲကြီးကုန်း၊ ညောင်ပင်သာ၊ ထန်းကုန်းစတဲ့ ကျေးရွာပေါင်း ၁၁ ရွာရှိပြီး အိမ်ခြေ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရွာသားတွေဟာ အခုလိုမျိုး စစ်မှုထမ်းကြေး တိုးပေးနေရတဲ့အပြင် စစ်မှုထမ်းလိုက်ရတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။
အင်္ဂပူမြို့နယ်အတွင်းမှာ မှင်တိုင်အုပ်စုအပြင် အင်ပင်ကုန်းကျေးရွာအုပ်စုမှာလည်း စစ်မှုထမ်းကြေး တသိန်းကျော် ထိပေးနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်မှုထမ်းကြေး တိုးပေးနေကြရတာကြောင့် လယ်ယာ၊ စိုက်ပျိုးရေးလုပ်ငန် းအဆင်မပြေ၊ ဒေသထွက်ကုန် တွေစျေးကောင်းမရ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကြုံနေကြရတဲ့ ပြည်သူတွေအဖို့ အခက်အခဲနဲ့ ကြုံကြရတယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းအတွင်းက အင်္ဂပူအပြင် မြန်အောင်၊ ဘိုကလေး၊ ဖျာပုံ၊ ပုသိမ်၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာလည်း အခုလိုမျိုး စစ်မှုထမ်းကြေး တိုးကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံပြည်က ပြောထားကြပါတယ်။
“ဘယ်လိုပဲဆိုဆို အခုက အစိုးရသစ်တက်လာပြီလေ။ အခုလိုမျိုး တရားမဝင် စစ်မှုထမ်းကြေး တောင်းတာတွေ တားရတော့မယ်။ ဒါတွေက တရားမဝင်ဘူး။ ပြည်သူကို နှိပ်စက်ရာရောက်တယ်” လို့ ဟင်္သာတမြို့နယ်မှ နိုင်ငံရေးအ ကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
စစ်မှုထမ်းကြေး ဆိုတာဟာ စစ်ကော်မရှင်က ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေပါ စစ်မှုထမ်းရမယ့် အသက်အရွယ် ရှိနေသူတွေ စစ်မှုမထမ်းလိုတဲ့အခါ ပေးရတဲ့ လစဉ်ကြေးဖြစ်ပြီး စစ်မှုထမ်း လိုက်ပါမယ့် သူတွေကို ငှားရမ်းဖို့အတွက် ကောက်ခံတဲ့ ငွေကြေးဖြစ်ပြီး ကောက်ခံရရှိငွေထဲက ပိုငွေတွေဟာ အုပ်ချုပ်ရေးအဖွဲ့ နဲ့ နယ်မြေခံ စစ်တပ်အရာရှိတွေ အိတ်ကပ်ထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။
နိုင်ငံအဝှမ်း နယ်မြေတွေများစွာ လက်လွှတ်နေရပြီး တပ်သားလိုအပ်ချက်လည်း များစွာရှိနေတဲ့ စစ်တပ်ဟာ စစ်မှုထမ်း သင်တန်းတွေ ဆက်တိုက်ခေါ်နေပြီး စစ်မှုထမ်းရမယ့် လူအရေအတွက်ကိုလည်း တလထက်တလ တိုးခေါ်လာနေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ စစ်မှုထမ်းပါသူတွေကို ရက်တိုသင်တန်းပေးပြီး ရှေ့တန်းပို့ကာ စစ်မြေပြင် ရှေ့ဆုံးလိုင်းက စစ်တိုက်ခိုင်းပြီး ထွက်ပြေးသူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်စစ်မှုထမ်းပါ သွားပြီး ထွက်ပြေး လွတ်မြောက်လာသူတွေက မျက်မြင်အဖြစ်အပျက်တွေကို ပြန်ပြောထားကြပါတယ်။
အလားတူပဲ ဧရာ၀တီတိုင်းအတွင်းမှာလည်း လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာစတဲ့ မြို့နယ်တွေမှာရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ စစ်မှုထမ်း သင်တန်းဆင်းတွေကို ပို့နေပြီး တိုက်ပွဲအတွင်း သေဆုံး သွားသူတွေရဲ့ အလောင်းတွေကိုလည်း မိသားစုဆီ ပြန်ပို့မပေးဘူးလို့ သိရပါတယ်။
တောင်သူလယ်သမား အများစုရှိတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေဟာ သွင်းအားစုစျေးကြီးတာ၊ စပါးစျေးကောင်းမရတာတွေကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် အခုလိုမျိုး စစ်မှုထမ်းစရိတ်ပါ လစဉ်ပေးနေ ကြရတာကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
အချို့လူငယ်တွေဆိုရင် စစ်မှုမထမ်းချင်တာကြောင့် ထိုင်းအပါအဝင် နိုင်ငံရပ်ခြားကို ပွဲစားတွေ ဆီကတဆင့် တရားမဝင် လမ်းကြောင်းက ထွက်နေကြရပြီး လမ်းခုလတ်မှာ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
စစ်တပ်ဟာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသမီးဆိုရင် ၁၈ နှစ်ကနေ ၂၇ နှစ်ထိ စစ်မှုထမ်းရမယ်လို့ပါရှိတဲ့ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသူတွေ၊ အထက်တန်း ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီး၊ ပေါ်တာဆွဲကာ စစ်သင်တန်းပေး ရှေ့တန်းပို့နေခဲ့ပြီး အခုအခါ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၂၅ ထိ ရှိခဲ့ပြီဖြစ်ပါတယ်။