
ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့ နယ်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်တာကြောင့် ရေကြီးနေတာပ
၁၁၊ ဇူလိုင်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အားလုံးနီးပါးမှာ ရေကြီးနေတာ တပတ်လောက် အကြာမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အပါအဝင် လူဦးရေ တသိန်းကျော် ရေဘေးသင့်နေပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေပါတယ်။
“အခုဆိုရင် ရေကြီးနေတာ တပတ်လောက်ရှိသွားပြီ။ ရေကမကျသေးဘူး။ မိုးကလည်း ကောင်းနေတုန်းဆိုတော့ ရေဘေးသင့်ပြည်သူတွေ တဖြေးဖြေးတိုးလာနေတယ်။ အခုတောင် တသိန်းကျော်ပြီ။ ရွာလုံးကျွတ် ပြောင်းရတဲ့ ရွာတွေလည်း ရှိနေတယ်” လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့ နယ်တို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်တာကြောင့် ရေကြီးနေတာပါ။
ရေဟာ အမြင့်လေးပေကနေ ခြောက်ပေကျော်ထိ တက်နေတာဖြစ်ပြီး မင်းပြားမြို့နယ် ဖုံသာချောင်း တလျှောက် ကျေးရွာတွေ၊ ကျောက်တော်မြို့နယ် သရီချောင်းတဝိုက် ကျေးရွာတွေ၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက ကျေးရွာတွေနဲ့ မြောက်ဦးမြို့ အနီးပတ်လည် ကျေးရွာတွေ ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။
အဲဒီလို ရေကြီးလာလို့ ရွှေ့ပြောင်းရတဲ့အထဲ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေက စစ်ဘေးရှောင်စခန်း အချို့လည်း ပါဝင်ပြီး စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကူညီရေး အဖွဲ့တွေကလည်း နေရာရွှေ့ပေးပြီးတော့ ရိက္ခာတွေ အလုံအလောက် မထောက်ပံ့နိုင်သေးတော့ စစ်ရှောင်တွေဆိုရင် ငတ်တဲ့သူတွေတောင် ရှိနေတယ်။ AA ကလည်း ထောက်ပံ့ထားတာတော့ ရှိတယ်။ မလုံလောက်တာ” လို့ ကျောက်တော်မြို့ခံလူငယ်တဦးက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ၊ AA လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေဆီ ကူညီရွှေ့ပြောင်းပေးနေကြတာ တွေ့ရပါတယ်။
ရေးဘေးသင့် ဒေသတွေ အပါအဝင် ရေဘေးမသင့်တဲ့ ဒေသတွေမှာလည်း မိုးအဆက်မပြတ် ရွာနေတာကြောင့် အလုပ်အကိုင်တွေ မလုပ်ကြရဘဲ စစ်ဘေးရှောင်တွေ အငတ်ဘေးနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
“တနေ့ ရှာမှ တနေ့စာတောင် မစားရတဲ့ စစ်ရှောင်တွေ ငတ်နေကြတယ်။ ဒီလောက်မိုးရေစက်လက်မှာ အလှူခံ ထွက်နေကြရတယ် စစ်ရှောင်တွေ” လို့ မြောက်ဦးမြို့မှ ဒေသခံတဦးက ပြောပါတယ်။
ရခိုင်မှာ မိုးအဆက်မပြတ် ရွာသွန်းနေတာ နှစ်ပတ်ကျော်လာခဲ့ပြီဖြစ်ပြီး မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်း ဖြတ်
သန်းစီးဆင်းနေတဲ့ လေးမြို့မြစ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်း ဖြတ် သန်းစီးဆင်းနေတဲ့ ကုလားတန်မြစ်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မယူ မြစ်ရေတို့ဟာ မြင့်တက်လာခဲ့တာပါ။
“စျေးတွေတောင် ပိတ်ထားရတယ်။ တမြို့လုံးရေပြည့်နေတာ။ ရေတွေ ဒူးလောက်ရှိတယ်။ ကားတွေလည်း မ ထွက်နိုင်ဘူး။ ဘေးတွဲသမားတွေဆို ဘေးတွဲမဆွဲရဘူး” လို့ မင်းပြားမြို့မှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မြာက်ပိုင်းမြို့နယ်တွေအပြင် ရခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ် အတွင်းက ကျေးရွာပေါင်း သုံးဆယ်ဝန်းကျင်မှာလည်း ရေကြီးနေပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာ မုတ်သုံလေ အားကောင်းနေတာကြောင့် သုံးရက်အတွင်း မိုးအများကြီး ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဇူလိုင်လ ၁၀ ရက်နေ့ မှာ ခန့်မှန်းထားပါတယ်။