ဂျပန်နိုင်ငံမှာ အခုနှစ်အတွင်း ဝက်ဝံကိုက်လို့ ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၅ ဧပြီ ၁ ရက်ကနေ ၂၀၂၆ မတ် ၃၁ ရက်အထိ ဘဏ္ဍာနှစ်အတွင်းမှာ ဝက်ဝံတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၈၊ မေ။

၂၀၂၆ ခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုကို ဂျပန်အာဏာပိုင်တွေက မေလ ၈ ရက်၊သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

နောက်ထပ် သံသယဖြစ်ဖွယ် အလားတူဖြစ်ရပ် နှစ်ခုကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ဂျပန်မြောက်ပိုင်း အီဝါတေး စီရင်စုမှာ သေဆုံးခဲ့တာလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။

ကြာသပတေးနေ့က အီဝါတေးဒေသရဲ့ တခြားတနေရာမှာ ရုပ်အလောင်းတခု တွေ့ခဲ့သလို အင်္ဂါနေ့တုန်းကလည်း ယာမာဂါတာစီရင်စုက တောအုပ်တခုထဲမှာ နောက်ထပ် ရုပ်အလောင်းတခုကို တွေ့ရှိခဲ့တာပါ။

လူနှစ်ဦး သေဆုံးခဲ့တာကို ရဲတပ်ဖွဲ့က AFP သတင်းဌာနကို အတည်ပြုပေးခဲ့ပေမဲ့ တခြားအသေးစိတ် အချက်အလက်တွေကိုတော့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဂျပန်နိုင်ငံမှာ ဝက်ဝံတွေရဲ့ တိုက်ခိုက်မှုတွေ

ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးအထိ သေဆုံးခဲ့ရတဲ့ စံချိန်တင်ဖြစ်ရပ် ရှိခဲ့ပါတယ်။

အီဝါတေးမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆုံး သံသယဖြစ်ဖွယ် တိုက်ခိုက်မှုမှာတော့ အသက် ၆၉ နှစ်အရွယ် အမျိုးသမီး ကူမာဂါအိ ချီယိုကိုဟာ တောတောင်ထဲကို ဟင်းသီးဟင်းရွက် သွားခူးရင်း ပျောက်ဆုံးသွားခဲ့တာလို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

သူ့ရဲ့ ကားရပ်ထားခဲ့တဲ့ တောအုပ်ထဲမှာ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေက ကြာသပတေးနေ့မှာ ရှာဖွေခဲ့ကြပြီး ဒေသစံတော်ချိန် မနက် ၈ နာရီကျော်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ NHK က ဆိုပါတယ်။ သူ့ရဲ့ မျက်နှာနဲ့ဦးခေါင်းမှာ တိရစ္ဆာန်လက်သည်းနဲ့ ကုတ်ခြစ်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ သိရပါတယ်။

မြို့တော်အာဏာပိုင်တွေကတော့ ဒေသခံ မုဆိုးတွေဟာ သောကြာနေ့မှာ အဆိုပါ ဒေသတဝိုက် ကင်းလှည့်တာတွေ စတင်လုပ်ဆောင်သွားမယ်လို့ ပြောကြားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၅ ဧပြီ ၁ ရက်ကနေ ၂၀၂၆ မတ် ၃၁ ရက်အထိ ဘဏ္ဍာနှစ်အတွင်းမှာ ဝက်ဝံတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါဟာ အရင်နှစ်က လူ သုံးဦးသေပြီး ၈၂ ဦး ဒဏ်ရာရခဲ့တဲ့ အခြေအနေနဲ့ ယှဉ်ရင် သိသိသာသာကို မြင့်တက်လာတာပါ။

သိပ္ပံပညာရှင်တွေကတော့ လူဦးရေ လျော့နည်းလာတာနဲ့ ဝက်ဝံဦးရေ အရှိန်အဟုန်နဲ့ တိုးပွားလာတာတွေကြောင့် အခုလို ပြဿနာတွေ ကြုံနေရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝက်သစ်ချသီး အထွက်နှုန်း နည်းခဲ့တာကလည်း ဝက်ဝံတွေကို တခြားနေရာတွေမှာ အစာရှာဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။

အစိုးရကတော့ အခုအခြေအနေကို ဖြေရှင်းဖို့အတွက် ဝက်ဝံတွေကို ထောင်ချောက်ဆင်တာနဲ့ ဖမ်းဆီးအမဲလိုက်တဲ့နေရာမှာကူညီဖို့ စစ်တပ်ကို စေလွှတ်ထားရပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုလည်း ဝက်ဝံတွေကို ပစ်ခတ်ဖို့ တာဝန်ပေးထားပြီး နှစ်စဉ် ဝက်ဝံ ထောင်ပေါင်းများစွာအသတ်ခံနေရတာပါ။

ဝက်ဝံညိုတွေကိုတော့ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာပဲ တွေ့ရပြီး ၂၀၂၃ ခုနှစ် စာရင်းအရ သူတို့ရဲ့ အရေအတွက်ဟာ ဆယ်စုနှစ် သုံးခုအတွင်း နှစ်ဆတိုးလာပြီး ကောင်ရေ ၁၁,၅၀၀ ကျော် ရှိလာခဲ့ပါတယ်။

တဘက်မှာလည်း ဂျပန်ဝက်ဝံနက်တွေကိုတော့ အခုဖြစ်ပွားခဲ့တဲ့ အီဝါတေးနဲ့ ယာမာဂါတာတို့ရှိရာ ဟွန်ရှူးကျွန်းမကြီးအပါအဝင်နိုင်ငံတဝန်း နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ အစိုးရဟာ ဝက်ဝံတွေကို အရေအတွက် ထိန်းချုပ်ရမယ့် တိရစ္ဆာန်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

ဒါဟာ သူတို့ အကောင်ရေ တိုးပွားဖို့ အရင်က ပေးထားခဲ့တဲ့ အကာအကွယ်တွေကို ပြန်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

Ref – AFP