ကုလမှာ အမေရိကန်တင်သွင်းတဲ့ အီရန်အရေး ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံး ပယ်ချဖွယ်ရှိ

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အမီးရ် ဆာအိဒ် အီရာဗာနီကတော့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းဟာ “အကြီးအကျယ်ချို့ယွင်းချက်ရှိနေသလို ဘက်လိုက်ပြီး နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ” လို့ ဆိုပါတယ်။

၈၊ မေ။

ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ မိုင်းထောင်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံပေးကြဖို့ အမေရိကန်က ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့ကတော့ အဆိုပါ မူကြမ်းကို ဗီတိုအာဏာသုံးပြီး ပယ်ချဖို့ရှိနေတယ်လို့ သံတမန်တွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်အပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အီရန်စစ်ပွဲအရေးဟာ ဆွေးနွေးပွဲရဲ့ ထိပ်တန်းကိစ္စရပ် ဖြစ်လာနိုင်ပါတယ်။

အဆိုပါ ခရီးစဉ်မတိုင်ခင်မှာ တရုတ်က ဗီတိုအာဏာသုံးလိုက်မယ်ဆိုရင်တော့ အခြေအနေဟာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေမှာပါ။

အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကို တရားဝင်ဖြစ်စေမယ့် လမ်းစလို့ ယူဆရတဲ့ အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ ကနဦးမူကြမ်းတုန်းကလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးခဲ့ကြလို့ ပြီးခဲ့တဲ့လက ပယ်ချခံခဲ့ရဖူးပါတယ်။

မူကြမ်းသစ်ကို ထောက်ခံကြတဲ့ ပင်လယ်ကွေ့နိုင်ငံတွေက သံတမန်တွေနဲ့အတူ ရပ်နေရင်း အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ် မိုက်ခ်ဝေါ့ဇ်က သတင်းထောက်တွေကို ပြောကြားရာမှာတော့ “ဒီမူကြမ်းကို ပယ်ချဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံမဆိုအလွန်အန္တရာယ်များတဲ့ လုပ်ရပ်ကို လုပ်ဆောင်နေတာပဲ” လို့ ဆိုပါတယ်။

“ဒီလို ရိုးရှင်းတဲ့ အဆိုပြုချက်မျိုးကိုတောင် ကန့်ကွက်ဖို့ ရွေးချယ်တယ်ဆိုရင် အဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးကို တကယ်ပဲ လိုလားရဲ့လားဆိုတာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုတယ်” လို့ သူက ဆက်ပြောပါတယ်။

မူကြမ်းအသစ်ကို အမေရိကန်နဲ့ ဘာရိန်းတို့ကရေးဆွဲခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်နဲ့ကာတာနိုင်ငံတို့ကလည်း ထောက်ခံထားပါတယ်။

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အမီးရ် ဆာအိဒ် အီရာဗာနီကတော့ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းဟာ “အကြီးအကျယ်ချို့ယွင်းချက်ရှိနေသလို ဘက်လိုက်ပြီး နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ” လို့ ဆိုပါတယ်။

အီရန်သင်္ဘောတွေကို အမေရိကန်စစ်တပ်က ပိတ်ဆို့ထားတာကို ရည်ညွှန်းပြီး “အမေရိကန်ဟာ ရေကြောင်းလွတ်လပ်ခွင့် ဒါမှမဟုတ် ရေကြောင်းလုံခြုံရေးကို ကာကွယ်ပေးသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ဖို့အတွက် ဥပဒေကြောင်းအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ ကိုယ်ကျင့်တရားပိုင်းအရဖြစ်စေ ဘာရပ်တည်ချက်မှ မရှိဘူး” လို့ သူက ပြောပါတယ်။

အခုအပတ်အတွင်း လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးတဲ့အခါ တရုတ်နဲ့ ရုရှားတို့ဆီက ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ကြုံခဲ့ရတာကြောင့် အခုတကြိမ်မှာလည်း သူတို့က ဗီတိုအာဏာသုံးဖို့ များနေတယ်လို့သံတမန်တွေက သုံးသပ်ကြပါတယ်။

 

ရုရှားနဲ့ တရုတ်တို့က တရားဝင် မှတ်ချက်မပေးသေးပေမဲ့ ရုရှားကတော့ အဆိုပါမူကြမ်းကို ပြန်ရုပ်သိမ်းဖို့ ဒါမှမဟုတ် အသစ်ပြန်ရေးဖို့ တောင်းဆိုခဲ့တယ်လို့ သံတမန်တဦးက ပြောပါတယ်။

တရုတ်ကတော့ အဆိုပါ စာသားတွေဟာ ဘက်လိုက်မှုရှိတယ်လို့ ငြင်းဆိုခဲ့သလို စီးပွားရေးပိတ်ဆို့မှုကနေ စစ်ရေးအရ အရေးယူမှုတွေအထိ လုံခြုံရေးကောင်စီကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ကုလသမဂ္ဂပဋိညာဉ် အခန်း (၇) ကို ထည့်သွင်းဖော်ပြထားတာအပေါ် ဝေဖန်ခဲ့ပါတယ်။

 

Ref – Reuters