ဖိလစ်ပိုင်မြောက်ပိုင်းမှာ ဂျပန်-အမေရိကန်နဲ့ မဟာမိတ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်

ဂျပန်ရဲ့ Type 88 ဒုံးကျည်စနစ်ဟာ ကမ်းရိုးတန်းဒေသတွေကို ကာကွယ်ဖို့နဲ့ ရေပြင်က ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့အတွက်ဒီဇိုင်းထုတ်ထားတာလို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

၇၊ မေ။

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဟာ မေလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တပ်ဖွဲ့တွေနဲ့အတူ ရေတပ်ဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Type 88 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်ထဲက ဖိလစ်ပိုင်ရေတပ်ရဲ့ အနားပေးထားတဲ့ သင်္ဘောအဟောင်းတစင်းကို တည့်တည့်ထိမှန်ခဲ့ပါတယ်။

ဂျပန်နိုင်ငံက စစ်ဘက်ဆိုင်ရာ ပစ္စည်းတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ဖိလစ်ပိုင်နဲ့ ဂျပန်ကြား ကာကွယ်ရေးပစ္စည်းတွေ လွှဲပြောင်းပေးနိုင်ရေး ဆွေးနွေးမှုတွေ စတင်နေချိန်မှာပဲ အဆိုပါ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေါ်လာတာပါ။

ဖိလစ်ပိုင်နိုင်ငံဆီကို အာဘူကူမာ (Abukuma) အမျိုးအစား ဖျက်သင်္ဘောတွေနဲ့ TC-90 လေယာဉ်တွေကို စောစောစီးစီးလွှဲပြောင်းပေးနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောပါတယ်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုနဲ့ ကိုအီဇူမီတို့ဟာ ဒုံးကျည်ပစ်ခတ်မှုကို မြေပြင်ကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြသလို ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကလည်း မနီလာက စစ်ဌာနချုပ်ကနေတဆင့် ဗီဒီယိုနဲ့ တိုက်ရိုက်ကြည့်ရှုခဲ့တယ်လို့ သမ္မတရုံးက ဆိုပါတယ်။

“ဒီလေ့ကျင့်ခန်းဟာ မဟာမိတ်တပ်ဖွဲ့တွေကြား ပူးပေါင်းပြီး ရေပြင်တိုက်ခိုက်မှု စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို ဒေသတွင်းလုံခြုံရေးနဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် နိုင်ငံတကာ မိတ်ဘက်တွေနဲ့အတူ လက်တွဲဆောင်ရွက်နိုင်တဲ့ ဖိလစ်ပိုင်တပ်မတော် (AFP) ရဲ့ တိုးတက်လာတဲ့ စွမ်းရည်ကိုလည်း ပေါ်လွင်စေတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Type 88 ဒုံးကျည် နှစ်စင်းပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်လွှတ်လိုက်ပြီး ခြောက်မိနစ်အတွင်းမှာပဲ BRP Quezon သင်္ဘောကို ထိမှန်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ ပစ်ခတ်မှုဟာ တောင်တရုတ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင် ဖိလစ်ပိုင်မြောက်ပိုင်း ပါအိုအေး ကမ်းခြေကနေ ၇၅ ကီလိုမီတာလောက် အကွာမှာ ဖြစ်ပွားခဲ့တာပါ။

ဂျပန်ရဲ့ Type 88 ဒုံးကျည်စနစ်ဟာ ကမ်းရိုးတန်းဒေသတွေကို ကာကွယ်ဖို့နဲ့ ရေပြင်က ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့အတွက်ဒီဇိုင်းထုတ်ထားတာလို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

“ဒါကို ပထမဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ နောက်ဆိုရင် မိတ်ဘက်နိုင်ငံတွေ ပိုများလာပြီး လေ့ကျင့်မှုတွေကလည်း ပိုကျယ်ပြန့်လာမှာပါ”လို့ တီအိုဒိုရိုက ပြောပါတယ်။

အဆိုပါ ကျည်အစစ်နဲ့ပစ်ခတ်မှု စစ်ဆင်ရေးဟာ မနီလာနဲ့ ဝါရှင်တန်တို့ နှစ်စဉ်ကျင်းပနေကျ ဒေသခံအခေါ်  ဗာလီကတန်(မဟာမိတ်ချင်း ပခုံးချင်းဖက် ပူးပေါင်းခြင်း) လို့ လူသိများတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။

ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်နဲ့ နယူးဇီလန်တို့ဟာ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် တက်တက်ကြွကြွပါဝင်လာကြတာဖြစ်ပြီး ဒါဟာ ဖိလစ်ပိုင်ရဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဘက်ကွန်ရက် ပိုပြီးကျယ်ပြန့်လာတာကို ပြသနေတာ ဖြစ်ပါတယ်။

Ref – Reuters