
“အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ဆက်ပြီး သုံးသပ်နေတုန်းပါပဲ၊ သုံးသပ်ပြီးသွားရင်တော့ ပါကစ္စတန်ဘက်ကိုအကြောင်းပြန်မှာပါ”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါဟီက ISNA သတင်းဌာနကိုပြောခဲ့ပါတယ်။
၇၊ မေ။
နှစ်ဘက်စလုံး သဘောတူညီချက်ရဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ စစ်ပွဲကို အဆုံးသတ်မယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို စဉ်းစားနေဆဲ ဖြစ်တယ်လို့ အီရန်ဘက်က ပြောလိုက်ပါတယ်။
အမေရိကန် သတင်းဌာနတခုဖြစ်တဲ့ Axios က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြချက်အရ အချက် ၁၄ ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာတခုကို အီရန်နဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ အိမ်ဖြူတော်က ယုံကြည်နေတယ်လို့ သိရပါတယ်။
အီရန်ပါလီမန်က အဆင့်မြင့်အဖွဲ့ဝင်တဦးကတော့ ဒါဟာ စိတ်ကူးယဉ်စာရင်း သက်သက်ပဲလို့ ပယ်ချခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် တီဟီရန်ရဲ့ သဘောထားကို ပါကစ္စတန်ကြားဝင်စေ့စပ်သူတွေဆီကတဆင့် အသိပေးသွားမယ်လို့ ဆိုပါတယ်။
အခုလက်ရှိ အပစ်အခတ်ရပ်စဲရေးကို အမြဲတမ်းစစ်ပွဲ အဆုံးသတ်ရေးဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရန်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီး သဘောတူညီချက်ရဖို့ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Axiosရဲ့ အစီရင်ခံစာထဲမှာတော့ အဆိုပါ စာချွန်လွှာဟာ အချက် ၁၄ ချက်ပါဝင်တဲ့ တမျက်နှာစာ မှတ်တမ်းတခုဖြစ်ပြီး နျူကလီးယားဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုတွေအတွက် မူဘောင်တခု ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပါဝင်တဲ့အချက်တွေထဲမှာ အီရန်ရဲ့ နျူကလီးယား သန့်စင်မှုကို ရပ်ဆိုင်းဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကနေ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပြန်လည်ရရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဆိုပါ သတင်းကို အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိနှစ်ဦးနဲ့ အခြားသတင်းမြစ်နှစ်ခုရဲ့ ပြောကြားချက်အရ သိရတာဖြစ်ပြီး မှတ်တမ်းထဲက အချက်အတော်များများဟာ နောက်ဆုံး သဘောတူညီချက် ရ၊ မရပေါ်မှာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်နဲ့ အီရန်ကြား ကြားဝင်စေ့စပ်မှုကို သိရှိသူနှစ်ဦးက Axios ရဲ့ သတင်းကိုအတည်ပြုပေးခဲ့ပေမဲ့ အဆိုပြုချက်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
“အမေရိကန်ရဲ့ အဆိုပြုချက်ကို အီရန်က ဆက်ပြီး သုံးသပ်နေတုန်းပါပဲ၊ သုံးသပ်ပြီးသွားရင်တော့ ပါကစ္စတန်ဘက်ကိုအကြောင်းပြန်မှာပါ”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါဟီက ISNA သတင်းဌာနကိုပြောခဲ့ပါတယ်။
Axiosရဲ့ သတင်းအပေါ် အီရန်ပါလီမန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကော်မရှင် ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ရီဇာအီကတော့ အီရန်ဟာ လက်နက်ကို အသင့်ပြင်ထားပြီး အမေရိကန်ဘက်ကသာ အလျှော့မပေးဘူး၊ လိုအပ်တဲ့ခွင့်ပြုချက်တွေ မပေးဘူးဆိုရင် အီရန်ဘက်က ပြင်းထန်ပြီး နောင်တရသွားစေမယ့် တုံ့ပြန်မှုကို လုပ်ဆောင်မယ်လို့လည်းသတိပေးခဲ့ပါတယ်။
ထရမ့်ကလည်း အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက်ထားပြီး အီရန်ဘက်က သဘောတူညီချက်ကို လက်မခံရင် ဗုံးကြဲတာတွေ ပြန်စမှာဖြစ်သလို အရင်ကထက်လည်း ပိုပြင်းထန်လိမ့်မယ်လို့ Truth Social မှာ ရေးသားခဲ့ပါတယ်။
အီရန်ဘက်က သဘောတူညီထားတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် အမေရိကန်-အစ္စရေးရဲ့ Epic Fury လို့ခေါ်တဲ့ စစ်ဆင်ရေးကိုရပ်တန့်မယ်လို့လည်း သူက ပြောပါတယ်။
လတ်တလောမှာလည်း အပစ်အခတ်ရပ်စဲရေး သဘောတူထားပေမဲ့ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ဟာ တဘက်နဲ့တဘက် သဘောတူညီချက် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအများစုဟာ လက်ဘနွန်တောင်ပိုင်းကို ထိမှန်ခဲ့ပြီး ဟစ်ဇဘိုလာဘက်ကတော့ လက်ဘနွန်နိုင်ငံထဲက အစ္စရေးစစ်တပ်တွေနဲ့ အစ္စရေးမြောက်ပိုင်းကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Ref – BBC