
စစ်ရေးအင်အားချဲ့ထွင်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဂျပန်နိုင်ငံဟာ သြစတြေးလျရေတပ်အတွက် ခေတ်မီကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ်စစ်သင်္ဘော ၁၂ စင်း နီးပါးထဲက ပထမဆုံးအသုတ်ကို ထောက်ပံ့ပေးဖို့ စနေနေ့မှာ သဘောတူညီချက် ရရှိလိုက်ပါတယ်။
၁၈၊ ဧပြီ။
သြစတြေးလျအစိုးရဟာ ဒေသတွင်းမှာ တရုတ်ရဲ့ စစ်ရေးခြေလှမ်းတွေကို ဟန့်တားနိုင်ဖို့အတွက် သူတို့ရဲ့ ကာကွယ်ရေးကဏ္ဍကို အရှိန်အဟုန်နဲ့ မြှင့်တင်နေပါတယ်။
အထူးသဖြင့် ရန်သူနဲ့ ထိပ်တိုက်မတွေ့ခင် အဝေးကနေ ကြိုတင်ပစ်ခတ်ခြေမှုန်းနိုင်တဲ့ ပစ်ခတ်မှုစွမ်းအား ရှိဖို့ ရည်ရွယ်ပြီး သူတို့ရဲ့ ရေတပ်အင်အားကို နှစ်ဆနီးပါးအထိ တိုးချဲ့မယ့် စီမံကိန်းကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ရေးအင်အားချဲ့ထွင်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ ဂျပန်နိုင်ငံဟာ သြစတြေးလျရေတပ်အတွက် ခေတ်မီကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ်စစ်သင်္ဘော ၁၂ စင်း နီးပါးထဲက ပထမဆုံးအသုတ်ကို ထောက်ပံ့ပေးဖို့ စနေနေ့မှာ သဘောတူညီချက် ရရှိလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ အဆိုပါ သဘောတူညီချက်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ အကြီးမားဆုံး ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတင်ပို့မှုတွေထဲက တခုဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ ဖရီးဂိတ်သင်္ဘောအုပ်စုကို ရဖို့အတွက် လာမယ့် ၁၀ နှစ်အတွင်း သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံ) ပေးချေရမှာဖြစ်ပါတယ်။
ပထမဆုံး သင်္ဘောသုံးစင်း ပေးပို့မယ့်စာချုပ် လက်မှတ်ရေးထိုးပွဲကို ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ တက်ရောက်ခဲ့တယ်လို့ သြစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“ဒါဟာ ငြိမ်းချမ်းတဲ့ကာလအတွင်း သြစတြေးလျတော်ဝင်ရေတပ်အတွက် အမြန်ဆန်ဆုံး ဝယ်ယူဖြည့်တင်းမှုပဲ ဖြစ်တယ်” လို့ သြစတြေးလျကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဝန်ကြီး ပတ် ကွန်ရွိုင်းက ပြောပါတယ်။
“ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးလို့တောင် ပြောလို့ရတဲ့ ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘောတွေကို ဝယ်ယူရာမှာ ဂျပန်နဲ့ သြစတြေးလျက လုပ်ငန်းမိတ်ဘက်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
သြစတြေးလျနိုင်ငံဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ သူတို့ရဲ့ အဓိကစစ်သင်္ဘောအင်အားကို ၁၁ စင်းကနေ ၂၆ စင်းအထိ တိုးချဲ့ဖို့ ကြိုးပမ်းနေတာပါ။
ဂျာမနီနိုင်ငံရဲ့ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီကြီး Thyssenkrupp Marine Systems ကို ကျော်ပြီး ဂျပန်ရဲ့Mitsubishi Heavy Industries က တင်ဒါအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
မိုဂါမီအမျိုးအစားဝင် အဆိုပါ စစ်သင်္ဘောတွေဟာ အစွမ်းထက်တဲ့ လက်နက်မျိုးစုံ တပ်ဆင်ထားတဲ့ အဆင့်မြင့်ဖရီးဂိတ် သင်္ဘောတွေဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ တိုကျိုမြို့လိုပဲ တရုတ်နဲ့ နယ်နိမိတ်အငြင်းပွားမှုတွေ ရှိနေတဲ့ အာရှပစိဖိတ်ဒေသက အမေရိကန်မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး ခိုင်မာအောင် လုပ်ဆောင်နေပါတယ်။
ဂျပန်နဲ့ သြစတြေးလျ နှစ်နိုင်ငံစလုံးဟာ အိန္ဒိယ၊ အမေရိကန်တို့နဲ့အတူ မဟာဗျူဟာမြောက် အစုအဖွဲ့ Quad အဖွဲ့ဝင် နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။
Ref – AFP