
“မြောင်းမြက ရှစ်ဆယ်ကျော် လွှတ်တယ်။ ဒီမှာတော့ နိုင်ကျဉ်းတွေ ပါတယ်မကြားဘူး။ သာမာန်အမှုတွေပဲ၊ ခိုးမှု တွေ များတယ်”
၁၈၊ ဧပြီ။
မနေ့က ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့မှာ စစ်အစိုးရက နိုင်ငံအနှံ့ အကျဉ်းထောင်တွေကနေ အကျဉ်းသားပေါင်း ၄၃၃၅ ဦးကို လွှတ်ပေးခဲ့ရာမှာ ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်တွေက ၃၁၁ ဦးပါဝင်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းသာ ပါဝင်ခဲ့တဲ့အတွက် အလွန်နည်းတဲ့ ပမာဏဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“နိုင်ကျဉ်းကတော့ သိတဲ့အတိုင်းပဲ နည်းတာပေ့ါ။ အထွေထွေအကျဉ်းသားတွေပဲ များတာပေ့ါ။ ဟင်္သတာက လေး ဆယ်ကျော်မှာ နိုင်ကျဉ်းက တယောက်ပဲ ပါတယ်။ တော်တော်နည်းတယ်လို့ ပြောလို့ရတယ်” လို့ ဟင်္သာတမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
ဟင်္သာတအကျဉ်းထောင်ကနေ လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အသက်သုံးဆယ်ဝန်းကျင်အရွယ် ကိုညီလျှံဖြိုးဖြစ်ပါတယ်။
ပုသိမ်အကျဉ်းထောင် ကလွတ်တဲ့ အကျဉ်းသား ၇၃ ဦးထဲမှာလည်း နိုင်ငံရေးအကျဉ်းသား ငါးဦးသာပါဝင်တယ်လို့ သိရပါတယ်။
ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုစတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်း အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်၊ ကိုဇော်မိုးထိုက် ၊ ဦးဝင်းကျော်၊ ကိုဝင်းမင်းထွန်းနဲ့ ဦးသိန်းလွင်တို့ဖြစ် တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖျာပုံအကျဉ်းထောင်က လွတ်တဲ့ အကျဉ်းသား ၅၀ ထဲမှာလည်း နိုင်ငံရေးအကျဉ်းသား နှစ်ဦးသာ ပါဝင်ပြီး ကျန်အကျဉ်းထောင်တွေကလွတ်တဲ့ထဲ နိုင်ငံရေးအကျဉ်သားတွေပါဝင်မှုရှိ၊ မရှိကိုတော့ တိတိကျကျ မသိရသေးပါ ဘူး။
“မြောင်းမြက ရှစ်ဆယ်ကျော် လွှတ်တယ်။ ဒီမှာတော့ နိုင်ကျဉ်းတွေ ပါတယ်မကြားဘူး။ သာမာန်အမှုတွေပဲ၊ ခိုးမှု တွေ များတယ်” လို့ မြောင်းမြဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက အကျဉ်းထောင်တွေထဲမှာ လွတ်ဖို့ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေများစွာ ကျန်နေသေးပြီး အဲဒီအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ အများကြီး အထဲမှာ ရှိသေးတယ်။ ကိုယ်တွေနဲ့ အထဲမှာ အတူနေခဲ့ရတဲ့သူတွေ၊ ဒီလူတွေကို အမြန်ဆုံး ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့။ ဒါမှလည်း အားလုံးပါဝင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုး ပေါ်ပေါက်လာမှာပေ့ါ။ အဲလို ပေါ်ပေါက်မှလည်း တိုင်းပြည်တိုးတက် ပြောင်းလဲမှုမျိုး ဖြစ်မှာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုတော့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးစေချင်တယ်” လို့ ဟင်္သာတဒေသခံ နိုင်ငံရေးအကျဉ်း သားဟောင်းက ပြောပါတယ်။