၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁ ။
NLDပါတီရဲ့ ဖျာပုံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ် မပြုံးပြုံးအေးကို စစ်ယူနီဖောင်းဝတ်သူ (၁၀)ဦးနဲ့ ရိုးရိုးဝတ်လူ (၄)ဦးတို့က စစ်ကားတစ်စီး၊ ရိုးရိုးကားအဖြူတစ်စီးနဲ့နေအိမ်ကိုလာရောက်ခေါ်ဆောင်သွားတယ်လို့ ခင်ပွန်းဖြစ်သူ ကိုအောင်မိုးက အတည်ပြုပါတယ်။
မနက်(၄)နာရီလောက်လာခေါ်သွားတယ်၊ အိမ်က အလုပ်သမားကို ခြံတံခါးဖွင့်ပေးဖို့ပြောတာ အလုပ်သမားကမဖွင့်ပေးဘူး၊ နောက်မှ ဖွင့်ပေးလိုက်တာ လူတွေကတော့ ပြောက်ကျားဝတ်စုံတွေပါတယ်။ ရိုးရိုးလည်ကတုံးဝတ်တွေလည်းပါတယ်။
ကျွန်တော်အမျိုးသမီးကို ကားအဖြူပေါ်တင်ခေါ်သွားတယ်၊ စစ်ကားတစ်စီးကတော့ဖျာပုံ(၉၈)တပ်ရင်းဘက်ကို ထွက်သွားပြီး ကျွန်တော်အမျိုးသမီးကိုတင်ဆောင်တဲ့ကားက တောင်ဘက်ကိုမောင်းသွားတယ်၊ သူကိုင်နေကြ ဖုန်းတော့ပါမသွားဘူး သမီးငယ်ရဲ့ဖုန်းတော့ပါသွားတယ်လို့ Delta News Agency ကိုပြောပါတယ်။
နောက်ဆုံးသတင်းတွေအရ NLD ပါတီရဲ့ အနိုင်ရဒေးဒရဲမြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေရော ဖျာပုံခရိုင်အတွင်းကတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သက်ဆိုင်ရာ သူတို့နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ သိရပါတယ်။