ဧရာဝတီနဲ့ရခိုင်ရိုးမဆက်စပ်ဒေသတွေမှာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေရပ်တန့်နေလို့အခက်တွေ့နေ

“ အခု အလုပ်မရှိ တော့ အရင်လိုဝယ်ခြမ်းမစားနိုင်တော့ဘူး” လို့ ရေကြည်ဒေသခံတဦးက ပြောပါတယ်။

၉၊မေလ။

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ အနောက် မြောက်ဘက်က အရပ်သားပြည်သူတွေအနေနဲ့ သစ်ခုတ် ၊ ဝါးခုတ် ၊ မီးသွေးဖုတ်လုပ်ငန်းခွင်တွေ ရပ်တန့်သွားလို့ စားဝတ်နေရေးအခက်အခဲ ရင်ဆိုင်နေရတယ်လို့ ရေကြည်မြို့နယ် ၊ ကုန်းပြင်ကျေးရွာအုပ်စုမှာ နေထိုင်သူကပြောပါတယ်။

ရခိုင်ပြည်နယ် ၊ ဂွမြို့ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ သိမ်းယူခဲ့တဲ့နောက် စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည် နယ်အစပ်က ရခိုင်ရိုးမပေါ်မှာ မြေမြှုပ်မိုင်းတွေမြှုပ်ခဲ့လို့ ဒေသခံတွေရဲ့ တောင်ပေါ်လုပ်ငန်းခွင် ရပ်တန့်သွားခဲ့ရတာပါ။

“ ဂွမြို့ကျပြီးကတည်းက တပ်ကတောထဲမှာ မိုင်းထောင်တယ်။ မသွားကြဖို့ပြောတယ်။ တော်လှန် ရေး အဖွဲ့တွေ ရောက်လာတော့ တောထဲမှာနေတဲ့လူတွေကို အကုန်လုံးရွာပြန်ခိုင်းတယ်။ စစ်တပ်က မပြန် လည်းရတယ်။ ဖြစ်လာရင်တာဝန်မယူဘူး။ အဲလိုပြောတော့ ပြန်ကြရတာ” လို့ သူကပြောပါတယ်။

ရေကြည်မြို့နယ် ၊ ရေနံ့သာစစ်ဆေးရေးဂိတ်ရဲ့ အနောက်မြောက်ဘက်မှာဆိုရင် သစ်ခုတ် ၊ မီးသွေးဖုတ် တဲ့လုပ်ငန်းခွင်ဟာ လုံးဝရပ်တန့်နေခဲ့တာဟာ ၅ လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုးမတောင်ခြေမှာတော့ ဝါးခုတ်တဲ့သူအနည်းငယ်ရှိနေပါသေးတယ်။

“ ငသိုင်းချောင်း ဝါးတူစက်ရုံက ကားတစ်စီးကတော့ ပုံမှန်လာပါတယ်။ ကြုံရာဝါးခုတ်တာဆိုတော့ တော စပ်မှာတင်ခုတ်လို့ရတယ်။ တောစပ် သုံးဘီးဆိုင်ကယ်တွေနဲ့ ဝါးခုတ်ပေးနေတာတွေက လူနည်းစုပါ” လို့ ကုန်းပြင်ကျေးရွာအုပ်စုမှာ နေထိုင် သူက ပြောပါတယ်။

ရခိုင်ရိုးမပေါ်မှာ သစ်ခုတ် ၊ ဝါးခုတ် ၊ မီးသွေးဖုတ် လုပ်ငန်းတွေ ရပ်တန့်သွားကြောင့် တောင်ပေါ်မှာနေထိုင် ကြတဲ့လုပ်သားတွေအပြင် ကားသမားတွေ ၊ စားသောက်ကုန်ရောင်းချတဲ့ ကုန်စုံဆိုင်တွေ အစရှိတဲ့ ဒေသ တွင်းက စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်သွားခဲ့တာပါ။

ဧရာဝတီတိုင်း ၊ ပုသိမ် – မုံရွာလမ်း အနောက်ဘက်
ခြမ်းမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ရိုးမပေါ်တက် ပြီး သစ်ခုတ် ၊ ဝါးခုတ် ၊ မီးသွေးဖုတ်လုပ်ငန်းကို မိရိုးဖလာအနေနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။

“အခု အလုပ်မရှိ တော့ အရင်လိုဝယ်ခြမ်းမစားနိုင်တော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် ငသိုင်းချောင်းမြို့ဘက်ကနေ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေဆီ ဆန်သယ်ယူခွင့်နဲ့ပတ် သက်လို့လည် စစ်ကောင်စီကကန့်သတ်
ထိန်းချုပ်ထားပါတယ်။ ရေနံ့သာစစ်ဆေးဂိတ်ဟာ ဆန်သယ်ယူ ခွင့်နဲ့ပတ်သက်လို့ တစ်နေ့ကို တစ်ကြိမ် ၊ တစ်ကြိမ်ကို ဆန် ၆ ပြည်သာ သယ်ယူခွင့်ပြုထားတာပါ။

ဒါကြောင့် ရေနံသာစစ်ဆေးရေးဂိတ်ရဲ့ အနောက် မြောက်ဘက် ကျေးရွာတွေမှာဆိုရင် ဆန်တစ်ပြည်ကို ငသိုင်းချောင်းမြို့က ဈေးထက် အနည်းဆုံး ၅၀၀ ကျပ်ပိုပေးပြီး ဝယ်ယူရပါတယ်။ ဒါ့ပြင် အနောက်ဘက် ခြမ်းကျေးရွာတွေဆီကနေ ငသိုင်းချောင်းမြို့ဘက်ကို ထင်း ၊ ဝါး သယ်ယူတဲ့အခါမှာလည်း ရေနံသာစစ် ဆေးရေးဂိတ်ကို ပိုက်ဆံပေးရပါတယ်။

“ဝါးကား ၊ ထင်းကား တစ်စီးကို ရေနံ့သာစစ်ဆေးရေးဂိတ်က ကျပ် ၃ သောင်းကနေ ၅ သောင်းအထိ တောင်းပါတယ်။ ဒါကလည်း စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြောင်းအလဲပေါ်မှု တည်ပြီး ပေးရတာ”လို့ ဒေသခံကပြောပါတယ်။

ရေကြည်မြို့နယ် အနောက်မြောက်ဘက်မှာဆိုရင်တော့ ဂွေးတောက် ၊ ကျောက်ချောင်း ၊ ကုန်းပြင် ၊ လက်ပံပင် ၊ မိသာလင် ၊ ပန်းပုကွင်း ၊ ရွာသစ်ကြီး ၊ သက္ကပြင် ၊ ကက္ကူလေး ၊ ကက္ကူကြီး စတဲ့ကျေးရွာ အုပ်စုတွေ တည်ရှိပါနေတာပါ။

“တချို့က မတောင်းဘူး ၊ မရစ်ဘူး ။ တချို့က ဆိုင်ကယ်ဖြတ်တာတောင် ရစ်ပြီး ပိုက်ဆံတောင်းတာ။ စစ်တပ်ဂိတ်က မတောင်းဘူး။ အဆိုးဆုံးက ရဲတွေ ။ အရာရှိထိုင်နေရင်တော့ ဘယ်သူမှမပိုက်ဆံမယူရဲ ကြဘူး” လို့ သူက ဆက်ပြောပါတယ်။