၅၊မေ
ဧရာဝတီတိုင်း၊ငသိုင်းချောင်းမြို့နယ်ထဲက ဝါးခမောက်လုပ်ငန်းတွေအတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ ဝါးဈေးတွေ အဆမတန်မြင့်တက်ကုန်တာကြောင့် ကုန်ချောထုတ်နိုင်ဖို့ အခက်တွေ့နေရပါတယ်။
“နှီးဝါးက အရင် ဆယ်လုံးတစီးကို တသောင်းခွဲ ၊ နှစ်သောင်း ။အခု ဆယ်လုံးတစီးကို ငါးသောင်းခွဲ။တလုံးချင်း လက်လီဆို ငါးထောင့်ငါးရာ”လို့ ခမောက်လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။
ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ် အစပ်က ငသိုင်းချောင်းမြို့ အနီးတဝိုက်မှာ ရှိနေတဲ့ ဝါးခမောက် ယက်လုပ်တဲ့ လုပ်ငန်းအများစုဟာ ရခိုင်ရိုးမက ထွက်တဲ့ ခရင်ဝါး ၊ နှီးဝါးတွေကို ကုန်ကြမ်းအဖြစ် မှီခိုနေကြရတာပါ။ဒါပေမယ် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းက စပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တစတစ ကူးစက်လာတဲ့ စစ်မီးဟာ နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်နယ် တောင်ဘက်စွန်း ဂွမြို့အထိ ရောက်ရှိလာပြီးတဲ့ နောက်မှာ ဝါးကုန်ကြမ်းရဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်လို့ တောထဲက ဝါးမကျရင် ဝါးဈေးက အဆမတန် တက်သွားပြန်ရော ။ တိုက်ပွဲ ပါးသွားလို့ တောင်ပေါ်က ဝါးပြန်ကျရင် ဝါးဈေးနည်းနည်း ပြန်ကျတာ ရှိတယ် ”လို့ ဒေသခံတဦးက ပြောပါတယ်။
ရန်ကုန်၊ငသိုင်းချောင်း၊ဂွ လမ်းပေါ်မှာ ရှိတဲ့ ရေနံသာဂိတ်၊ သီတာကုန်းမြင် မြောက်စမ်းရွာ အမြှောက်တပ် ၃၄၄ ဂိတ်တွေကို စစ်တပ်က ပိတ်ထားလိုက် ခရီးသွားကားတွေကို ဖြတ်သန်းခွင့် မပြုတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် သစ်ထုတ် ၊ဝါးထုတ် ကားတွေကိုတော့ ပိုက်ဆံပေးပြီး မနက်သွား ညပြန် ဖြတ်ခိုင်းနေတယ်လို့ သီတာကုန်းမြင် အနီးမှာ နေထိုင်သူ တဦးက ပြောပါတယ်။
“ကျွန်တော်သတင်းကြားတာတော့ အမြှောက်တပ်က သူတို့ကိုယ်တိုင် သစ်ဝါး ၊ ခိုးထုတ်ပြီး ငသိုင်းချောင်းက ကုန်သည်တွေကို ပြန်ရောင်းနေတာတဲ့”။
သူ့အဆိုအရ ငသိုင်းချောင်းမြို့ပေါ်မှာ ဝါးဈေးအပြင် ၊ သစ်ဈေးပါ မြင့်တက်နေပြီး သစ်ဖြူ တတန်ကို ၂၂ သိန်းကနေ ၂၄ သိန်းအထိ ဈေးပေါက်တယ်လို့ သိရပါတယ်။
“ကုန်ကြမ်းပြတ်တော့ ကုန်ချော မထွက်တော့ဘူး၊ ကုန်ချောမထွက်တော့ အခြေခံလူတန်းစားတွေက ဝင်ငွေမရှိ ဖြစ်ကုန်ကြတာ”လို့ ခမောက်လုပ်ငန်း လုပ်ကိုင်သူ တဦးက ရှင်းပြပါတယ်။
ငသိုင်းချောင်းမြို့ ပတ်ဝန်းကျင်ရွာတွေက ခမောက်ယက်တဲ့ လုပ်ငန်းကို လုပ်ကိုင်ကြပြီး ငသိုင်းချောင်းမြို့ပေါ်က ခမောက်ဒိုင်တွေကို ပြန်လည်ပေးသွင်းကြတာပါ။ အဲဒီကတဆင့် ဝါးခမောက်တွေကို တနိုင်ငံလုံး အနှံ့ ဖြန့်ချိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကုန်ကြမ်းတွေ ရဖို့အခက်အခဲရှိနေတာကြောင့် ခမောက်ယက်တဲ့ လုပ်ငန်းတွေရော ခမောက်ဒိုင်တွေပါ အခက်တွေ့နေရပြီလို့ သိရပါတယ်။
“အရင်က ဒီအချိန်ဆို ခမောက်ဒိုင် တခုကို ခမောက်အလုံးရေ လေးငါးသိန်းလောက် ဂိုဒေါင်ထဲ ရောက်နေပြီ ။ ဒါမှမဟုတ်လည်း တခြားနေရာတွေ ပို့ပြီး ရောင်းပြီးတဲ့ အချိန် ဖြစ်လောက်ပြီ”လို့ ခမောက်ဒိုင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။