တရုတ်နိုင်ငံ စက်ရုံတစ်ခုမှာ ကုဒ်အမှားအယွင်းဖြစ်ပြီး ထိန်းချုပ်ဖို့ ခက်ခဲသွားတဲ့ တရုတ် လုပ်ငန်းသုံး စက်ရုပ်တစ်ရုပ်ဟာ အနီးအနားက လူတချို့ကို တိုက်ခိုက်ခဲ့ပါတယ်။
၅ ၊ မေ
OSINTdefender အမည်ရတဲ့ X အကောင့်ကနေ ဒီရုပ်သံဖိုင်ကို တင်ထားတာဖြစ်ပြီး စက်ရုပ်ဘေးနားမှာရှိတဲ့ အလုပ်သမားနှစ်ဦးဟာ ဒဏ်ရာ ရလုနီးပါး ဖြစ်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာအတိအကျကိုတော့ ရေးသားထားတာမရှိပါဘူး။
Unitree H1 humanoid စက်ရုပ်အမျိုးအစားလို့ ယူဆရတဲ့ စက်ရုပ်ဟာ ယွမ် ၆၅၀,၀၀၀ တန်ကြေးရှိပြီး စက်ရုပ်လောကမှာ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ထုတ်လုပ် ပေါင်းစပ်ထားတယ်လို့ ဆိုပေမဲ့ အခု ရုပ်သံဖိုင် ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့အခါ လူပြောများလာခဲ့ပါတယ်။
အခုနှစ် အစောပိုင်းက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ စက်ရုပ်ပြပွဲတစ်ခုမှာလည်း စက်ရုပ်တစ်ရုပ်ဟာ အတားဆီးတချို့ကို ကျော်ဖြတ်ပြီး ပွဲကို လာရောက် ကြည့်ရှုကြတဲ့ လူအုပ်တစ်စုထဲကို ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခု ပြုလုပ်ခဲ့ပေမဲ့ ဘေးက လုံခြုံရေးဝန်ထမ်းတွေက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ပွဲစီစဉ်သူတွေကတာ့ အဲဒီအဖြစ်အပျက်အတွက် စိတ်ကသိကအောက်ဖြစ်ခဲ့ရပေမဲ့ စက်ရုပ်နဲ့ ပတ်သက်လို့ ဘေးကင်းရေး အစီအစဉ်တွေကို ပြန်လည် ဆန်းစစ်ပြီး အခုလိုဖြစ်ရပ် ထပ်မံ မဖြစ်ပွားဖို့ ကတိပေးခဲ့ပါတယ်။
အခုလို စက်ရုပ်တွေ နည်းပညာချွတ်ယွင်းချက်ဖြစ်တာဟာ ပထမဦးဆုံးမဟုတ်ဘဲ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့ရှိ လျှပ်စစ်ကားထုတ်လုပ်တဲ့ စက်ရုံအတွင်း Tesla ရဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဟာ စက်ရုပ်တစ်ရုပ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ဖူးပါတယ်။