ကွန်ဂိုနိုင်ငံဟာ စတားလင့်ခ် တရားဝင် လိုင်စင်ထုတ်ပေးတဲ့ အာဖရိက နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။
၅၊ မေ
အီလွန်မက်ခ်ရဲ့ စတားလင့်ခ် (Starlink) အင်တာနက်ကို အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံအစိုးရဟာ အခုအခါမှာတော့ အသုံးပြုခွင့် ပေးလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ ဂြိုလ်တုစနစ် အင်တာနက် နည်းပညာဟာ ကွန်ဂိုနိုင်ငံမှာ ရရှိတော့မှာ ဖြစ်ပါတယ်။
မက်ခ်ကတော့ ကွန်ဂိုအစိုးရနဲ့ သဘောတူညီချက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က X လူမှုကွန်ရက်မှာ ထုတ်ပြောခဲ့ပြီး ကွန်ဂိုနိုင်ငံဟာလည်း စတားလင့်ခ် လိုင်စင်ထုတ်ပေးတဲ့ အာဖရိက နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။
ကွန်ဂိုအစိုးရဟာ ၂၀၂၄ ခုနှစ် မတ်လက စတားလင့်ခ် အသုံးပြုမှုကို ပိတ်ပင်ထားတယ်လို့ အတိအလင်း အသိပေးခဲ့တာပါ။
အစိုးရရဲ့ စိုးရိမ်ချက်ကတော့ နိုင်ငံအတွင်း စတားလင့်ခ်အသုံးပြုမှု ရှိလာရင် ရဝမ်ဒါကျောထောက်နောက်ခံ M23 သူပုန်ညွန့်ပေါင်းအဖွဲ့ ပိုမိုအားကောင်းလာမှာကို မလိုလားတာကြောင့်ပါ။
ကွန်ဂိုနိုင်ငံအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ရဝမ်ဒါ ကျောထောက်နောက်ခံ သူပုန်အဖွဲ့ဟာ နိုင်ငံရဲ့ အရှေ့ပိုင်း ဂိုမာမြို့ကို ဝင်ရောက်လာတဲ့နောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်း ဆန္ဒပြမှုတွေဟာလည်း ပိုမိုပြင်းထန်ခဲ့ပါတယ်။
၁၀ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခတွေနဲ့ မငြိမ်သက်မှုတွေကြောင့်
နိုင်ငံတွင်း လူပေါင်း ငါးသိန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေတွေဖြစ်နေပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေဟာလည်း ပိုမိုဆိုးရွားနေပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက် ညပိုင်းက ဂိုမာမြို့ရဲ့ အကျဉ်းထောင်တစ်ခုမှာ ထောင်ဖောက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း အကျဉ်းသူ ၁၅၀ ကျော် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တယ်လို့ ကုလ သမဂ္ဂဘက်က အသိပေးထားပါတယ်။
ပဋိပက္ခတွေရှိနေတဲ့ ကွန်ဂိုနိုင်ငံဟာ ၂၀၂၃ ခုနှစ်အထိ နိုင်ငံ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ အင်တာနက် အသုံးပြုခွင့်ရှိနေပြီး အင်တာနက် ဆက်သွယ်ရေး ချိတ်ဆက်မှု နည်းပါးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ဆက်သွယ်ရေး သမဂ္ဂက အသိပေးထားပါတယ်။
အီလွန်မက်ခ်ရဲ့ စတားလင့်ခ်ဟာ ကမ္ဘာ့အနိမ့်ပိုင်း ပတ်လမ်းပျံဂြိုလ်တု ၆,၀၀၀ ကျော်နဲ့ အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
အာဖရိကတိုက်မှာတော့ နိုင်ငံပေါင်း ၂၀ နီးပါး တရားဝင် ဝန်ဆောင်မှုတွေ ရရှိနေပြီလို့ စတားလင့်ခ်က ဆိုပါတယ်။
Ref – Reuters