ပုသိမ်မြို့က လူနှစ်ရာနီးပါးပါတဲ့ အောင်နိုင်ရေးလှုပ်ရှားမှု ပါတီဘက်က စီစဥ်တာမဟုတ်ဘူးလို့ ငြင်းဆို

 


၁၃ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ပုသိမ်မြို့မှာ ဒီနေ့မနက်လုပ်ခဲ့တဲ့ NLD အောင်နိုင်ရေးလှုပ်ရှားမှုက ပါတီကနေ စီစဉ်ခဲ့တာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ပုသိမ်မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က ဦးထွန်းဝင်းက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ NLD တံဆိပ်ပါတဲ့ အင်္ကျီတွေ၊အလံတွေ ၊ စတစ်ကာတွေပါတဲ့ ထရပ်ကား ၄ စီး ၊ ဆိုင်ကယ်အစီး ၁၀၀ ခန့် နဲ့ လူအင်အား ၂၀၀ လောက်ဟာ ပုသိမ်မြို့တွင်းမှာ စီတန်းလှည့်လည်ခဲ့ကြတာပါ။

“ဒီကိစ္စနဲ့ ပါတ်သက်လို့ နေ့လည်ပိုင်းမှာ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ရယူပြီး ကော်မရှင်နဲ့ သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားပါ့မယ် ။ COVID 19 ရောဂါ အခြေ အနေကြောင့် အောင်နိုင်ရေး ခရီးစဉ် တွေကို စက်တင်ဘာ ၁၂ ရက်နေ့ ကတည်းက ရပ်နားထားတာပါ။ စီတန်းလှည့်လည်တာတွေကလည်း ပါတီက မစီစဉ်ပါဘူး”လို့ ပုသိမ်မဲဆန္ဒနယ်တိုင်းဒေသကြီး အမှတ် (၁)က ကိုယ်စားလှည်လောင်း ဦးသန်းထွဋ်ကပြောပါတယ်။

 

 

COVID 19 ရောဂါဖြစ်ပွားလာမှု ပကတိအခြေအနေ အရပ်ရပ်ကြောင့် ပုသိမ်မြို့နယ်ရှိ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးတဲ့ ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက် လှည့်လည်သူတွေထဲမှာ ဒီချုပ်ပါတီဝင်တွေလည်း ပါသလို ၊ ပါတီဝင်မဟုတ်တဲ့ သူတွေလည်း ပါဝင်ပြီး ဝန်းရံခဲ့တာတွေ့ရတယ်လို့ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးချိုဝင်းက သုံးသပ်ပါတယ်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့အနေနဲ့ စက်တင်ဘာလ ၈ရက်နေ့ နဲ့ ၉ရက်နေ့က မြို့မရပ်ကွက် ၁၅ ခုရဲ့ နေရာ ၁၂ နေရာမှာ ပါတီအောင်နိုင်ရေးပိုစတာဆိုင်းဘုတ် ၁၂ခုကို စိုက်ထူခဲ့တယ်လို့ NLD ပါတီ ပုသိမ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။