ပုသိမ်ကိုလာပြီး ဟန်းဖုန်းအလုံး တစ်ရာ့ရှစ်ဆယ်ကျော် ခိုးခဲ့သူကို မိပြီ

၁၂ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

စက်တင်ဘာ ၇ရက်နေ့က ပုသိမ်မြို့ ရွှေစည်းခုံလမ်းပေါ်က Hello ဖုန်းဆိုင်မှာ ဖုန်းအလုံးရေ (၁၈၇)လုံး အခိုးခံရပြီး လေးရက်အတွင်း တရားခံကို သက်သေခံပစ္စည်းတွေနဲ့တကွ လပွတ္တာမြို့မှာ မနေ့က မိခဲ့တာပါ။

အခိုးခံရတဲ့ ဖုန်းအရေအတွက်အရ စုစုပေါင်း သိန်း၁၆၀ ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။

“ကျူးလွန်သူက လွပွတ္တာဘက်ကပါ ပုသိမ်ဟင်္သာမင်းတည်းခို ခန်းမှာတည်းပြီး ဆိုင် သံဘာဂျာ တံခါးကို ကတ္တာနဲ့ ဖြတ်ခိုးတာ CCTV မှတ်တမ်းနဲ့ အမာခံ သတင်းပေးသူတွေရဲ့ အကူအညီနဲ့ ဖမ်းမိပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦး က Delta News Agency သတင်းဌာနကို အတည်ပြုဖြေကြားပါတယ်။

လပွတ္တာမြို့မှာ လက်ကိုင်ဖုန်းတွေ ပြန်လည်ရောင်းချနေစဉ် ဖမ်းမိတာ ဖြစ်ပြီး ခိုးယူထားတဲ့ သက်သေခံ ဟန်းဖုန်းတွေကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ အဆိုပါရဲအရာရှိက ပြောပါတယ်။

အခုလို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိခဲ့တဲ့ လပွတ္တာမြိုနယ် လေးဆိပ်ကျေးရွာမှာ နေထိုင်တဲ့ အသက်(၂၃)နှစ် အရွယ် နိုင်လင်းဦးကို ပုသိမ်နယ်မြေရဲစခန်း က (ပ)အမှတ် ၄၂၄/ ၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ် ။