ခရီးသွားထောက်ခံစာအတုနဲ့ ဖျာပုံမြို့ထဲ ခေါ်ဆောင်လာတဲ့ ယာဉ်မောင်းကို အရေးယူ

၁၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လူ(၅)ဦးကို ခရီးသွားထောက်ခံစာအတုပြုလုပ်ပြီး ဧရာဝတီတိုင်း၊ ဖျာပုံမြို့ထဲ ခေါ်ဆောင်လာတဲ့ အငှားယာဥ်မောင်းတစ်ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ အရေးယူခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၂၁မြို့နယ်အနက် လှိုင်သာသာမြို့နယ်လည်း တစ်ခုအပါအအဝင် ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ရက်နေ့ မွန်းလွဲပိုင်းက ဖျာပုံတံတားအနီးစစ်ဆေးရေးအဖွဲ့က ခရီးသည်(၅)ဦး တင်ဆောင်လာတဲ့ ပရိုဘောက်အဖြူရောင်ကားတစ်စီးကို စစ်ဆေးခဲ့ရာ ယာဥ်မောင်း ဦးအောင်အောင်ဦးဟာ ခရီးသည်တွေအတွက် ထောက်ခံစာအတု ပြုလုပ်လာတာကို တွေ့ရှိရပါတယ်။

ဦးအောင်အောင်ဦးဟာ အဲ့ဒီ့ထောက်ခံစာတွေကို သူကိုယ်တိုင်ရေးသားခဲ့တာ ဖြစ်ပြီး အဆိုပါထောက်ခံစာဖြင့် ဝင်ရောက်ခွင့်ရမယ်လို့ ပြောခဲ့တာကြောင့် ခရီးသည်တွေက လိုက်ပါစီးနင်းခဲ့တာလို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒေးဒရဲမြို့နယ်၊ ကျုံချင်းကျေးရွာနေ ယာဥ်မောင်း ဦးအောင်အောင်ဦး(၄၂)နှစ်ကို (ပ)၅၅၈/၂၀၂၀ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)နဲ့ ဖျာပုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။