ပုသိမ်-ဟင်္သာတ- ကြံခင်း အမြန်ရထားပြေးဆွဲမှု ယာယီရပ်နား

၁၄ ၊ စက်တင်ဘာ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းအတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်း အမြန်ရထားခရီးစဥ်ကို စက်တင်ဘာ ၁၃ရက်နေ့မှ စပြီး ယာယီရပ်နားလိုက်ပါပြီ။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့မူဝါဒ လမ်းညွှန်ချက်နဲ့အညီ ရထားပြေးဆွဲတဲ့လုပ်ငန်းတွေကို ကြီးကြပ်နေပြီး လက်ရှိမှာ ရောဂါကူးစက်မှုအန္တရာယ်ကနေ ကာကွယ်ဖို့ အမြန်ရထားပြေးဆွဲမှုကို ယာယီရပ်နားတာလို့ ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှု နှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး ကပြောပါတယ်။

သို့သော် ပုံမှန်ခရီးသွားပြည်သူတွေနဲ့ ကုန်စည်စီးဆင်းမှုတွေအတွက် အမှတ်(၁၈၅)အဆန် နှင့် (၁၈၆)အစုန် စာပို့ရထားခရီးစဥ်ကို ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။

“ခရီးသည်တစ်ဦး လက်မှတ်(၁)စောင်နှုန်းရောင်းပေးပြီး ထိုင်ခုံ(၂) နေရာစီစဉ်ပေးထားတယ် ၊ Mask တပ်ဆင်သူတွေကိုသာ လက်မှတ်ရောင်းမယ် ၊ ခရီးသွားပြည်သူတွေ သက်တောင့်သက်သာဖြစ်ဖို့ (Social Distancing) နေရာခြား သတ်မှတ်ပေးထားတယ်” လို့ ကြံခင်းမီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦး ပြောပါတယ်။

အမှတ်(၁၈၅)အဆန်နဲ့ (၁၈၆)အစုန် စာပို့ရထားခရီးစဥ်မှာ လူစီးတွဲကြီး(၆)တွဲ ၊ တွဲလေး(၁)တွဲ၊ ပါဆယ်(၁)တွဲနဲ့ ဘရိတ်(၁)တွဲတို့ ပြေးဆွဲမှာ ဖြစ်ပါတယ်။

“ကြံခင်းကနေ အမြန်ရထားနဲ့လာရင် ည ၈နာရီလောက် ပုသိမ်ရောက်တယ် ဘူတာညစျေးမှာ ပါလာတဲ့ကုန်ကို ညတွင်းချင်း လက်လီလက်ကားရောင်းပြီးတာနဲ့ နောက်နေ့ မနက်ရထားနဲ့ပြန်လို့ရတယ်။ အနှေးစာပို့ရထားက ဟင်္သာတမှာ ညအိပ်တော့ ပိုကြာတယ် ကုန်စိမ်းတင်ရတာ အဆင်မပြေဘူး” လို့ ကုန်စိမ်းရောင်းဝယ်ရေးဒိုင် လုပ်ကိုင်သူ ဦးသောင်းမြင့်က ပြောပါတယ်။

ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းမှာ အမှတ်(၁၈၁)အဆန်နဲ့ (၁၈၂) အစုန် အမြန်ရထားပြေးဆွဲမှုကို ဧပြီလဆန်းပိုင်းက ရပ်နားခဲ့ပြီး သြဂုတ်လ ၂ရက်နေ့မှာ ပြန်လည် ပြေးဆွဲခဲ့ပေမယ့် ယခု စက်တင်ဘာ ၁၃ရက်နေ့မှာ ယာယီ ပြန်လည်​ရပ်နားလိုက်တာ ဖြစ်ပါတယ်။