မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း ပိုင်ရှင်မဲ့ ဆင်သားရေအခြောက်များတွေ့ရှိ

၁၈ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းအတွင်း ပိုင်ရှင်မဲ့ဆင်သားရေခြောက် အမြောက်အများကို စက်တင်ဘာ ၁၇ရက်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ပါတယ်။

အကွက်အမှတ်(၅၀)အတွင်း ဒေသအခေါ် ခွေးပိချောင်းအနီးတောစပ်မှာ အလျား ၅လက်မ အနံ ၃လက်မခန့်ရှိတဲ့ ဆင်သားရေအခြောက် စုစုပေါင်း ၁၀၉ခုကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောပါတယ်။

“အင်ပင်ရဲစခန်း အပိုင် မျှင်ဝါးတောင် ကျေးရွာအုပ်စုထဲက ဒေသခံတောင်သူတစ်ဦးက အိမ်သုံးဖို့ ဝါး သွားခုတ်ရင်းနဲ့တွေ့တာပါ။ အဲဒါသက်ဆိုင်ရာကို သတင်းပို့လာတဲ့အတွက် သစ်တောနဲ့ နယ်မြေရဲစခန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သွားရောက်ဆောင်ရွက်တာပါ”လို့ တာဝန်ရှိ ရဲအရာရှိက ဆက်ပြောပါတယ်။

တွေ့ရှိတဲ့ ဆင်သားရေတွေကို တောအုပ်ကြီးမျိုးအောင်က သစ်တောရှာဖွေပုံစံနဲ့ သိမ်းဆည်းထားပြီး သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ သစ်တောဦးစီးဌာနနဲ့ သစ်တောရဲတပ်ဖွဲ့တို့က ဆက်စပ်တရားခံကို ဖေါ်ထုတ်ရေး လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မြန်အောင်မြို့နယ် သစ်တောကြိုးဝိုင်းအတွင်းမှာ ပုသိမ် ၊ သာပေါင်း ၊ ငပုတောမြို့နယ်တွေက သစ်တောတွေ ပါဝင်ပြီး ရခိုင်ရိုးမနဲ့တစ်ဆက်စပ်တည်း တည်ရှိနေတာကြောင့် တောဆင်ရိုင်းတွေ လှည့်လည်ကျက်စားလေ့ရှိပါတယ်။

ဒါ့ကြောင့် ဆင်သတ်မုဆိုးတွေဝင်ရောက်တဲ့ လမ်းကြောင်းတွေ ဆင်နဲ့ပါတ်သက်တဲ့ ပစ္စည်းတွေ သယ်ထုတ်တဲ့ လမ်းကြောင်းတွေလည်း ရှိနေတယ်လို့ ဧရာဝတီတိုင်း လှပသောမြေ ပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့ ခေါင်းဆောင် ဦးမြင့်အောင် သုံးသပ်ပါတယ်။