မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ရှစ်ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ


၂၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း နေအိမ်ထဲကို တောဆင်ရိုင်းရှစ်ကောင်၀င်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တင်းချောင်းကျေးရွာအုပ်စု သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၈၉)မှ နေအိမ်တစ်အိမ်ကို တောဆင်ရိုင်း ရှစ်ကောင်က ၀င်ရောက်ဖျက်စီးခဲ့ပြီး ဆင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှ အသက် ၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“သူတို့ မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေက၀င်လာတော့ ထွက်ပြေးကြတာ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီး ထွက်ပြေးတော့ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ နံရိုးကျိုးသွားတယ်ထင်တယ် အသေအပျောက်တော့မရှိပါဘူး အားလုံးကံကောင်းသွားတယ်”လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းကပြောပါတယ်။

တောဆင်ရိုင်းအတိုက်ခိုက်ခံရတဲ့ အမျိုးသမီးကို မနက် ၆နာရီမှာ ငရုတ်ကောင်းတောင်ကျေးလက်ကျန်းမာရေးဌာနကို သွားရောက်ပို့ဆောင်ခဲ့ပြီး အဲ့ဒီကနေတဆင့်
ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဟာ တောဆင်ရိုင်းအကောင်ရေ အများဆုံးရှိတဲ့ တိုင်းဒေသကြီးထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်တောဆင်ရိုင်း သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပွားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။