မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံထားရ

၂၀​ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်​​အောင်မြို့နယ်၊ မျှင်ဝါးတောင် သစ်တော့ကြိုးဝိုင်း အတွင်းမှာ နှာမောင်းဖြတ် သတ်​ဖြတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်ကို စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

မျှင်​ဝါး​တောင်​ သစ်​​တောကြိုးဝိုင်း အကွက်အမှတ် ၂/၅၀ ဒေသအခေါ် ခွေးပိချောင်းဖျားမှာ ဆင်သရေ အခြောက်တွေ ကို စက်တင် ဘာလ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့များက သိမ်းဆည်း ရမိခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ နယ်မြေရှင်းလင်း ဆောင်ရွက်ရာကနေ ဆင်သေလောင်းကို တွေ့ရှိတာလို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိက ပြောတာပါ။

မြန်အောင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးသန်းဌေးက”ဆင်သားရေအခြောက်တွေ တွေ့တဲ့နေရာနဲ့ တစ်မိုင်ခွဲကျော်လောက်မှာ နှာမောင်းဖြတ် အသတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်ကို တွေ့ခဲ့တာ ဆင်ကိုအရေခွံ နွှာထားတယ် “လို့ ဆိုပါတယ်။

ယင်းသစ်တော ကြိုးဝိုင်းအတွင်းမှာ စက်တင်ဘာ ၁၇ရက်နေ့က ၅လက်မဝန်းကျင်ခန့် အရွယ်ရှိ ဆင်သားရေအခြောက် ၁၀၉ချပ်ကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ပြီး နောက်တနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မှာ ၅လက်မနဲ့ ၆လက်မအရွယ်ရှိတဲ့ ဆင်သားရေအချပ်၆၀ ကိုလည်း ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာ မြန်​​အောင်​မြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ၊ အင်ပင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ၊ မျှင်ဝါး တောင်​ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ငါးဘတ်ကျ ​ကျေးရွာအုပ်ချုပ်ရေး အဖွဲ့က တာ ဝန်ရှိသူ​တွေ ပါ၀င်​တဲ့ ပူး​ပေါင်းအဖွဲ့က ဆင်သတ်မုဆိုးတွေနဲ့ တရားမဝင် ကန့်သတ်ပစ္စည်း သယ်ယူ ပို့ဆောင် ရောင်းဝယ်သူတွေကို စုံစမ်းဖော်ထုတ်ရေး ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ဧရာဝတီတိုင်းဟာ တောဆင်ရိုင်းအကောင်ရေ အများဆုံးရှိတဲ့ တိုင်းဒေသကြီးထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်တောဆင်ရိုင်း သတ်ဖြတ်ခံရမှု အများဆုံးဖြစ်ပွားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။