လန်ဒန်မြို့လယ်ခေါင်မှာ နှာခေါင်းစည်းမတပ်ဘဲ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်

၂၇ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်မှာ စက်တင်ဘာ ၂၆ရက်နေ့က နှာခေါင်းစည်းမတပ်ထားသူတွေ ထောင်ချီစုဝေးပြီး COVID 19 ကျန်းမာရေးဆိုင်ရာ ကန့်သတ်စည်းမျဉ်းသစ်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID 19 ရောဂါကြောင့် သေဆုံးသူ ၄သောင်း ၂ထောင်ကျော်အထိ မြင့်တက်လာနေပေမယ့် အဲဒီ့ ဆန္ဒပြသူတွေဟာ ကိုဗစ်ရောဂါက အသက်အန္တရာယ်ရှိတယ်ဆိုတာ မယုံကြည်ကြပါဘူး။

စက်တင်ဘာ ၂၆ရက်နေ့ ဆန္ဒပြပွဲမှာတော့ သူတို့ဟာ social distancing သတ်မှတ်ချက်တွေကို လိုက်နာမှု မရှိဘဲ လွတ်လပ်ခွင့်ပေးဖို့နဲ့ မိုက်ရူးရဲဆန်တဲ့ စည်းမျဉ်းတွေကို အဆုံးသတ်ဖို့ ကြွေးကြော်ခဲ့ကြတာပါ။ တစ်ချို့ကလည်း အလိမ်အညာတွေ အလိုမရှိ ၊ နှာခေါင်းစည်းတွေ အလိုမရှိ ၊ လော့ဒေါင်းစည်းမျဉ်းတွေ အလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ကိုင်ဆောင်လာကြပါတယ်။

အဲ့ဒီလိုအခြေအနေမှာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆန္ဒပြသူတွေက ရေဘူးတွေနဲ့ ပစ်ပေါက်ရာကနေ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

“ဒီလိုအချိန်မှာ လူအုပ်စုလိုက် စုဝေးပြီး social distancingကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်တာက ခင်ဗျားတို့ရဲ့ ကျန်းမာရေးနဲ့ ခင်ဗျားတို့ ချစ်ရတဲ့သူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ထဲ တွန်းပို့လိုက်တာပဲ” လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိကြီး Ade Adelekan က သတိပေးပြောခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဟာ ဥရောပမှာ COVID 19 ကပ်ရောဂါဒဏ်အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး စက်တင်ဘာ ၁၅ရက်နေ့က တစ်ရက်အတွင်း အတည်ပြုလူနာ ၆သောင်း ၄ထောင်အထိ စံချိန်တင်မြင့်တက်ခဲ့ကာ သေဆုံးသူ ၃၄ဦး ရှိခဲ့ပါတယ်။

ဒီကနေ့ ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ လေ့ာဒေါင်းသတ်မှတ်မိန့်အတွင်း လူပေါင်း သန်း ၂၀ကျော် အကျုံးဝင်ပြီး အများစုကတော့ အင်္ဂလန်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ ဘားနဲ့ စားသောက်ဆိုင်တွေလည်း ည၁၀နာရီ အထိသာ ဖွင့်လှစ်ခွင့်ပေးထားပြီး တခြားနေအိမ်တွေကို သွားရောက်တာနဲ့ လူစုလူဝေးလုပ်တာတွေကို တားမြစ်ထားပါတယ်။

လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ COVID 19 ကပ်ရောဂါ ဖြစ်ပွားသူ ၃၃သန်းကျော်နဲ့ သေဆုံးသူ ၉သိန်း ၉သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Ref : mothership
Photo Credit : AP

Delta News

Read Previous

မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံထားရ

Read Next

မိနစ်ပိုင်းအတွင်း COVID 19 စစ်ဆေးနိုင်တဲ့ ကိရိယာတွေကို ထုတ်လုပ်သွားမယ်လို့ WHOပြောကြား