မိနစ်ပိုင်းအတွင်း COVID 19 စစ်ဆေးနိုင်တဲ့ ကိရိယာတွေကို ထုတ်လုပ်သွားမယ်လို့ WHOပြောကြား

၂၉ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

မိနစ်ပိုင်းအတွင်း COVID 19 ရောဂါရှိ မရှိ စစ်ဆေးနိုင်တဲ့ ကိရိယာငယ်တွေကို ကမ္ဘာအနှံစတင် ဖြန့်ချီသွားမယ့် အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်လိုက်ပါတယ်။

ကနဦးအနေဖြင့် ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေဆီကို စစ်ဆေးရေးကိရိယာ အခုရေ သန်း၁၂၀ စတင်ဖြန့်ဝေသွားမှာ ဖြစ်ပြီး ထောင်နဲ့ချီတဲ့ လူ့အသက်တွေကို ကယ်တယ်နိုင်ချေရှိတယ်လို့ WHOက ခန့်မှန်းပါတယ်။

၁၅မိနစ်ကနေ မိနစ် ၃၀အတွင်း အလွယ်တကူ စစ်ဆေးနိုင်မယ့် အဲဒီကိရိယာပစ္စည်းဟာ လူအရေအတွက် အများအပြားကို ရောဂါစစ်ဆေးဖို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပစ္စည်းတစ်ခုကို အမေရိကန် ၅ဒေါ်လာ တန်ဖိုးရှိပေမယ့် ဒီ့ထက်ဈေးသက်သာနဲ့နှုန်ထားနဲ့ ဝယ်ယူနိုင်ဖို့ မျှော်လင့်ထားပြီး ၆လအတွင်း ထုတ်လုပ်သွားမယ်လို့ WHO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ်Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

WHO နဲ့ Bill and Melinda Gates Foundation အဖွဲ့က ပူးပေါင်းထုတ်လုပ်မှာ ဖြစ်ပြီး လက်ရှိမှာ ဂျာမနီနိုင်ငံက စမ်းသပ်ကိရိယာအခုရေ သန်း ၂၀ အော်ဒါတင်ထားကာ ပြင်သစ်နဲ့ ဆွစ်ဇာလန်ကလည်း အလားတူ အော်ဒါတင်ထားတယ်လို့ the guardian သတင်းဌာနက ဖော်ပြပါတယ်။

တကမ္ဘာလုံးမှာ COVID 19 ရောဂါကူးစက်ခံရသူ ၃၃သန်းကျော် နဲ့ သေဆုံးသူ ၁ သန်းပြည့်လုနီးပါး ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Ref : theguardian
Photo Credit : aa.com